ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာမှာဝင်ရောက်ခြေကုပ်ယူထားသည့် စစ်အုပ်စု၏ စစ်ကြောင်းနှစ်ကြောင်းထဲက တစ်ကြောင်းကို ယနေ့ နေ့လယ်က အာရက္ခတပ်တော် (AA) မှ ဝင်ရောက်တိုက်ခိုက် ချေမူန်းခဲ့သည်ဟု သတင်းရရှိသည်။
ထိုသို့ ချေမှုန်းခံရသဖြင့် အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာများဖြင့် မင်းပြင်ရွာ အနီးဝန်းကျင်ကို ယနေ့ ညနေပိုင်းထိ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု စစ်မြေပြင်သတင်းရင်း မြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
“မင်းပြင်ကျေးရွာ မိုးလေဝါသ ရေဒါစခန်းနဲ့ ရဲစခန်းတို့မှာ အဓိကခြေကုပ်ယူထားတဲ့ စစ်တပ်ဟာ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ နှောင့်ယှက် ဖျက်ဆီးတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တယ်။အဲဒီနောက် ရွာထဲက စစ်ကြောင်းကို အေအေက ဝင်ရောက် တိုက်ခိုက် ချေမှုန်းတာပါ။”ဟု ပြောသည်။
ထိုသို့ တိုက်ခိုက်ခံရသဖြင့် အကြမ်းဖက် စစ်တပ်ဘက်က အကျအဆုံးများပြီး အနည်းဆုံး ၁၀ ဦးခန့်ကို AA က လက်ရဖမ်းဆီးမိခဲ့သည်ဟု ၎င်းက ပြောသည်။
“ခုလို ဒရုန်းလက်နက်ကြီးတွေနဲ့ အနီးအနားက ကျေးရွာတွေကို ပစ်ခတ်မှု ပြုလုပ်နေတဲ့အတွက် စစ်တပ် စစ်ကြောင်းနှစ်ခုက အထဲက မင်းပြင်ရွာထဲမှာ နေရာယူဝင်ရောက်တပ်စွဲထားတဲ့ စစ်ကြောင်းကို ဒီကနေ့ နေ့လယ်က အေအေက အပြင်းအထန် ဝင်ရောက်တိုက်ခိုက် ချေမှုန်းခဲ့တာပါ။ စစ်တပ်ဘက် အကျအဆုံးများပြီး စစ်သား ၁၀ ကျော်လည်း အေအေဆီမှာ အဖမ်းခံခဲ့ရပါတယ်” ဟု ၎င်းက သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
ယခုလ ၁၄ ရက်၊ နံနက် ၁၀ ကျော်ခန့်ကလည်း မင်းပြင် မိုးလေဝသ ရေဒါအဆောက်အဦရှေ့မှာ ဝါဒဖြန့် ဓာတ်ပုံရိုက်ရန် တန်းစီနေစဉ် AA တိုက်ခိုက်သည့်အတွက် စစ်သားတွေအများအပြားသေဆုံးခဲ့ရသည်။
“မိုးလေဝသ စခန်းထဲမှာလည်း သေတာများတယ်။ အခုလည်း စစ်သားတွေ သေတာများပါတယ်။
ရွာထဲနဲ့ ရွာပြင်တွေမှာ ကင်းယူနေတဲ့ စစ်သားတွေကို အေအေက လျှပ်တစ်ပြက်ဝင်လာပြီး အကုန်စီးနင်း တိုက်ခိုက်လိုက်တာပါ။ စစ်ကြောင်း တစ်ခုလုံး အကုန်ချေမူန်းခံရတယ်။"ဟု ပြောသည်။
ယခုကဲ့သို့ တိုက်ခိုက်အပြီး AA က ဖမ်းဆီးရမိသူများနှင့်သိမ်းဆည်းရမိသည့် လက်နက်ခဲများကို သယ်ယူရန် လုပ်နေစဉ် မိုးလေဝါသစခန်းမှစစ်ကြောင်းနှင့်တစ်ခြား စစ်ကူ ပူးပေါင်းတပ်ဖွဲ့များ ရောက်ရှိလာသဖြင့် နာရီဝက်လောက် နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပြီးနောက် မင်းပြင်ရွာအနီးဝန်းကျင် နေရာများကို လက်ရှိ အချိန် ည ၆ နာရီကျော် ၇ နာရီထိ လေယာဉ်များဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။
AA တပ်ဖွဲ့ဝင်များမှာ ဘေးမသီရန်မခဘဲ မင်းပြင်ရွာမှ အသာစီးဖြင့် နောက်ဆုတ်လာခဲ့သည်ဟု သိရှိရသည်။
ဒီလ ၁၄ ရက် နံနက် ၁၀ နာရီကျော်စ အချိန်တွင် ဖြစ်ပွားခဲ့သည့် မင်းပြင် မိုးလေဝသ ရေဒါစခန်းထဲ တိုက်ခိုက် ခံရမှု၌လည်း ဝါဒဖြန့် ဓာတ်ပုံ ရိုက်ဖို့ စီတန်းနေသည့် စစ်သား ၂၀ ခန့်သေဆုံးကာ ဒဏ်ရာရသူများလည်း ရှိခဲ့သည်ဟု သိရသည်။







