ရှမ်းမြောက်တွင် နယ်မြေဧရိယာ ၁၁ ဒသမ ၃ ရာခိုင်နှုန်း စစ်ကောင်စီ ပြန်ထိန်းချုပ်

ရှမ်းမြောက်တွင် နယ်မြေဧရိယာ ၁၁ ဒသမ ၃ ရာခိုင်နှုန်း စစ်ကောင်စီ ပြန်ထိန်းချုပ်
Photo credit - SAC
Photo credit - SAC

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသက လက်လွှတ်ခဲ့ရသည့် နယ်မြေများထဲမှ နယ်မြေဧရိယာ ၁၁ ဒသမ ၃ ရာခိုင်နှုန်းကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP - Myanmar) ၏ နိုဝင်ဘာ ၁၂ ရက်ထုတ် အစီရင်ခံစာက ဖော်ပြသည်။

လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးမိတ်၊ မိုးကုတ်မြို့တို့ကို စစ်ကောင်စီက ပြန်ထိန်းချုပ်ထားခြင်းဖြစ်ပြီး ထိုအထဲ လားရှိုးနှင့် မိုးမိတ်၊ မိုးကုတ်မြို့တို့ကို တရုတ်အကူအညီဖြင့် စစ်ကောင်စီပြန်ရထားခြင်းလည်းဖြစ်သည်။

လက်ရှိ ကူမင်းဆွေးနွေးမှု သဘောတူညီချက်အရ မိုးမိတ်နှင့် မိုးကုတ်မြို့ကို TNLA ထံမှ စစ်ကောင်စီပြန် ရထားသော်လည်း ထိုမြို့များထဲသို့ ဝင်ရောက်နေရာယူခြင်း မတွေ့ရသေးပေ။

TNLA နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသော တော်လှန်ရေးတပ်များက မိုးကုတ်မြို့ကို စစ်ကောင်စီ လက်ထဲမရောက်ရေး ခုခံမည်ဟု ကြွေးကြော်ထားပြီး မိုးမိတ်မြို့ကို ကာကွယ်ရန်အတွက် ကချင်လွတ်မြောက်ရေးတပ် (KIA)က PDF များကို အကူအညီပေးမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

"မိုးကုတ်နဲ့ မိုးမိတ် မြို့သိမ်းတိုက်ပွဲတွေက PDF အင်အား အတော်များများပါတာ။ ဒါကို TNLA တစ်ခုတည်းက ဆုံးဖြတ်ပြီးပေးတာကို သဘောမကျကြဘူး။ အဲဒါကြောင့် အစွမ်းကုန်ခုခံဖို့ အင်အားတွေ စုနေတာမြင်ရတယ်။ မိုးမိတ်လည်း အဲအတိုင်းပဲ နယ်မြေခံ PDF တွေက ကာကွယ်မယ် KIA က ထောက်ပံ့မယ်လို့တော့ သတင်းတွေ ကြားနေတာမို့ စစ်တပ်က အလွယ်တကူရမှာမဟုတ်ဘူး" ဟု ရှမ်းမြောက်ဒေသအရေးလေ့လာနေသူ လူငယ်တစ်ဦးက ပြောသည်။

ညီနောင်သုံးဖွဲ့ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်က နယ်မြေ ၅၈ ဒသမ ၃ ရာခိုင်နှုန်းထိ စစ်ကောင်စီ လက်လွှတ်ခဲ့ရပြီး ထိုဒေသကိုပြန်လည်ထိန်းချုပ်ရေး အတင်းအဓမ္မတပ်သားစုကာ အင်အားသုံးထိုးစစ်ကြောင့်နှင့်အတူ တရုတ်အကူအညီဖြင့် လက်ရှိတွင် နယ်မြေ ၁၁ ဒသမ ၃ ရာခိုင်နှုန်း ပြန်ရခဲ့ခြင်းဖြစ်သည်။

လက်ရှိ စစ်ကောင်စီသည် မန္တလေး - မူဆယ် ကုန်သွယ်ရေးလမ်းမကြီး၏ နယ်မြေ ၄၄ ဒသမ ၄ ရာခိုင်နှုန်းကို ပြန်ထိန်းချုပ်ထားနိုင်သဖြင့် တရုတ် - မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါသည့် မြို့များကိုပါ ပြန်လည်ထိန်းနိုင်ရေး ကြိုးပမ်းနေကြောင်း ISP - Myanmar က ဆိုထားသည်။

"စစ်တပ်ရဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲကို အလုပ်ပြပြီး တရားဝင်အောင် အရင်လုပ်မယ်။ ပြီးရင် စီးပွားရေး လုပ်မယ်၊ စစ်တပ်ကို ပိုတိုးချဲ့မယ်၊ သူတို့အာဏာကို အကြောက်တရားနဲ့ ထာဝရ ချုပ်ကိုင်ထားနိုင်မယ့် မဟာဗျူဟာကြီးကို အကောင်အထည်ဖော်နေတာလို့ထင်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် စီးပွားရေးအရ အရေးပါတဲ့ နေရာတွေကို အပြင်းအထန် ထိုးနေတာ။ ရွေးကောက်ပွဲပြီးသွားရင် စစ်ရေးအရှိုန်လျော့နိုင်တယ်" ဟု ရခိုင်နိုင်ငံရေးသမားဟောင်းတစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီက နယ်မြေအချို့ ပြန်လည်ထိန်းချုပ်ထားသော်လည်း မြို့ပြဧရိယာမျှသာဖြစ်ပြီး ကျေးလက်ဒေသနှင့် တောင်ကုန်းတောင်တန်းအများစုကို တိုင်းရင်းသားလက်နက်ကိုင်များက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်းလည်း ISP - Myanmar၏ အစီရင်ခံစာတွင် ပါရှိသည်။

လက်ရှိ စစ်ကောင်စီသည် ပြန်သိမ်းထားနိုင်သည့် မြို့များတွင် အုပ်ချုပ်ရေးယန္တရား ပြန်စရန်နှင့် လူထုဝန်ဆောင်မှု လုပ်ငန်းများပေးနိုင်ရန် ကြိုးပမ်းနေပြီး ကျေးလက်ဒေသများတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ အုပ်ချုပ်ရေး ယန္တရားများ အပြိုင်အဆိုင် လည်ပတ်နိုင်ရန် ကြိုးပမ်းနေသည်ဟု ISP - Myanmar အစီရင်ခံစာက ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသူ/သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်တွေ တက္ကသိုလ်
February 6, 2026
လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်တွင် ရခိုင်လူငယ် အများအပြားသည်...
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ခရီးသည် ပို့ဆောင်ရေးကားဂိတ်တစ်ခု။ ဓာတ်ပုံ- Htet Aung -Facebook
February 5, 2026
အာရက္ခတပ်တော်ထံ စစ်ရေးအရ ရှုံးနိမ့်မှုများကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ...
 ဧရာဝတီတိုင်းတွင် စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီတပ်အား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- CINCDS
February 4, 2026
စစ်ကောင်စီသည် ဧရာဝတီ- ရခိုင် ကမ်းရိုးတန်းလမ်းကနေ အာရက္ခတပ်တော်ထိန်းချုပ်ရာ ဂွမြို့နယ်သို့...
မြောက်ဦးဆေးရုံဗုံးကြဲမှုအတွင်း သေဆုံးသွားသူမိသားစုဝင်အား တွေ့မြင်ရစဉ်။
February 3, 2026
ရခိုင်တွင် စစ်ကောင်စီကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်နေပြီး ပြီးခဲ့သည်...