ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် ဒေသတွင်းရှိ တောလှန်ရေးတပ်များနှင့် အာဏာသိမ်း စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံများ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ခရိုင်အတွင်းရေးမှူးပဒိုအယ်နားက ကေအိုင်စီသို့ ပြောသည်။
မောတောင်မြို့ဘက်သို့ စစ်တပ်က အင်အာားအလုံးအရင်းဖြင့် နိုဝင်ဘာ ၁၀ ရက်နေ့တွင် စစ်ကြောင်းထိုးဝင် ရောက်လာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ပဒိုအယ်နားက ယခုလို ပြောသည်။
“ထွက်ပြေးကြတာကတော့ မြို့လုံးကျွတ်ဘဲ။ ရွာကသူတွေရောပေါ့။ ထိုင်းဘက်ခြမ်းကို ပြေးသွားတဲ့ ဒေသခံတွေ ကတော့ ငါးရာကျော်လောက် ရှိတယ်။ ဒေသခံတွေကတော့ ထိုင်းဘက်ကိုပြေးတာလည်းရှိသလို မောတောင် ဘက်က နေရာတော်တော်များများကို ထွက်ပြေးတိမ်းရှောင် နေရတာမျိုးရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်အုပ်စုတပ်က မောတောင်မြို့ တစ်လျောက်စစ်ကြောင်းထိုးစဉ်တွင် ၎င်းမြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင် တပ်ရင်း (ခလရ-၂၂၄)က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင် လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင်လည်း မောတောင်မြို့အနီးဝန်းကျင်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံများအနေဖြင့် စားနပ်ရိက္ခာ၊ အနွေးထည်နှင့်ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။
ထို့အပြင် စစ်တပ်က မောတောင်သို့ လာရာလမ်းတချို့ကို ပိတ်ဆို့မှုများ လုပ်ဆောင်ထား၍ စစ်ရှောင်များကို ကူညီရန် အခက်အခဲ များရှိနေသည်ဟု တနင်္သာရီမြို့နယ် မြေပြင် စစ်ဘေးရှောင် အနီးကပ်ကူညီနေသူတစ်ဦးက ပြောသည်။
“ထိုင်းဘက်ခြမ်းမှာက ကူညီမှုတချို့ရှိနိုင်ပေမဲ့၊ ဒီမြန်မာဘက်ခြမ်းမှာဘဲ စစ်ရှောင်နေရတဲ့ သူတွေအတွက်တော့ အခက်အခဲ ရှိနိုင်တယ်။ ဒီတော့ နီးစပ်သူတွေကနေဘဲ ကူညီပေးရမဲ့သဘောမှာ ရှိတယ်။ ဒေသခံတွေက ဘယ်မှ ထွက်လို့မရဘဲ ပိတ်မိနေတာမျိုးပေါ့။ မြို့လုံးကျွတ်ထွက်ပြေးရတာဆိုတော့ သူတို့ကိုကူညီနိုင်ဖို့ အခက်အခဲတွေ အများကြီးရှိတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ တနင်္သာရီတိုင်းတွင် စစ်အုပ်စုက ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းနေပြီး ၎င်းတို့ လက်လွတ်ခဲ့ရသည့် ကေအဲန်ယူ၊ မြိတ်-ထားဝယ် ခရိုင်အတွင်းရှိ နယ်မြေတွင် ပြည်သူများ အကြောက်တရား ဖြစ်ပေါ်စေရန် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများ မကြာခန ပြုလုပ်နေသည်ဟု ကေအဲန်ယူ က ထုတ်ပြန်ပြောသည်။
photo credit - social media







