စစ်ကော်မရှင်ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့မှ အမျိုးသမီးငါးဦးနှင့် ကျောက်ဖြူမြို့မှ မိန်းကလေးငယ်တစ်ဦးတို့ကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်သူအမျိုးသမီးရှစ်ဦးအနက် နှစ်ဦးကို စစ်ကော်မရှင်က အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်ခဲ့သည်ဟု သိရသည်။
ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်ခံလိုက်ရသူများမှာ မဆန်းနု(ခ)စံစံနှင့် ဒေါ်မလှဝင်းဆိုသူတို့ဖြစ်ကြသည်။
သူတို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်တွင် ကချင်ပြည်၊ မြစ်ကြီးနားခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ နိုဝင်ဘာ ၁ဝ ရက်ထုတ် စစ်ကော်မရှင်ပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ယခုအလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်ခံလိုက်ရသည့် မဆန်းနု(ခ)စံစံနှင့် ဒေါ်မလှဝင်းတို့သည် နောက်ထပ် အမျိုးသမီးခြောက်ဦးဖြစ်သည့် ဒေါ်ကျော့ယဉ်၊ မသဲသဲ၊ မပန်း၊ မစုစုဝေ၊ ဒေါ်ဆောင်းဆောင်းနှင့် ဒေါ်ဆောင်းဆောင်း၏ညီမ မမိုးမြင့်စန္ဒာတို့နှင့်အတူ ရခိုင်အမျိုးသမီးခြောက်ဦးအား တရုတ်နိုင်ငံသို့ပို့ဆောင်ကာ တရုတ်မယားအဖြစ်ရောင်းစားရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။
အဆိုပါရခိုင်အမျိုးသမီးခြောက်ဦးကို သူတို့နှင့် ခင်မင်ရင်းနှီးကြသူများဖြစ်ကြသည့် မဆန်းနု (ခ)စံစံ၊ ဒေါ်မလှဝင်း၊ ဒေါ်ကျော့ယဉ်၊ မသဲသဲ၊ မပန်းနှင့် မစုစုဝေတို့က တရုတ်နိုင်ငံသို့သွားရောက်ကာ တရုတ်ယောက်ျားယူမည်ဆိုပါက ငွေကျပ်သိန်း ၆၀ ရရှိမည်ဖြစ်ပြီး ကလေးတစ်ဦးမွေးပေးပြီးပါက တစ်နှစ်ပြည့်လျှင် ပြန်လာ၍ရကြောင်း စည်းရုံးပြောဆိုခဲ့သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
ထို့နောက် ရန်ကုန်မြို့တွင် နေထိုင်သည့်ဒေါ်ဆောင်းဆောင်းနှင့် ချိတ်ဆက်ကာ လေယာဉ်ဖြင့် ရခိုင်မှ ရန်ကုန်မြို့သို့ တက်လာစေပြီး ရန်ကုန်လေဆိပ်တွင် ဒေါ်ဆောင်းဆောင်း၏ညီမ မမိုးမြင့်စန္ဒာက လာရောက်ခေါ်ဆောင်ခဲ့သည်ဟု သိရသည်။
ယင်းနောက် ရခိုင်အမျိုးသမီးခြောက်ဦးကို ဒေါ်ဆောင်းဆောင်းက ရန်ကုန်မြို့ရှိ အထွေထွေရောဂါကုဆေးခန်းတစ်ခုတွင် ဆေးစစ်ပေးခြင်းများဆောင်ရွက်ခဲ့ပြီး ကြိုတင်ငွေများ ထုတ်ပေးခဲ့သည်ဟု သိရသည်။
ပြီးနောက် မြစ်ကြီးနားမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ရန်ကုန်-မန္တလေး-မြစ်ကြီးနားမြို့သို့ ခရီးသည်တင်ယာဉ်ဖြင့် အဆင့်ဆင့် ပို့ဆောင်စဉ် မြစ်ကြီးနားမြို့ ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖမ်းမိခြင်းဖြစ်သည်။
လက်ရှိတွင် ရခိုင်အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ်ရောင်းစားရန် စီစဉ်ကြသူများအား မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားနယ်မြေရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ကြောင်း ဆိုသည်။
ယင်းအနက် နှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံခြောက်ဦးကိုလည်း တရားခံပြေးအဖြစ်သတ်မှတ်ထားသည်ဟု စစ်ကော်မရှင်ပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
စစ်ဘေးဒဏ်၊ ဆင်းရဲနွမ်းပါးမှုဒဏ်များကြောင့် ဒုက္ခရောက်နေသည့် ရခိုင်အမျိုးသမီးငယ်များကို ငွေကြေးမက်လုံးပေးပြီး တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် စည်းရုံးမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိလာနေသည်ဟု ရခိုင်အမျိုးသမီးများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်အတွင်းကလည်း စစ်တွေမြို့နေ အမျိုးသမီး ရှစ်ဦးကို တရုတ်မယားအဖြစ်ရောင်းစားရန် စီစဉ်ခဲ့သည့် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ အောင်အောင်၊ သန်းလှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ မဝဿန်မိုမိုတို့သုံးဦးကို အောက်တိုဘာ ၃ ရက်နေ့က မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။







