စစ်ကော်မရှင်ခန့် ကရင်ဝန်ကြီးချုပ် မဲဆွယ်ဆိုင်းဘုတ် ဆုတ်ဖြဲမှုစွပ်စွဲချက်နဲ့ လူငယ်နှစ်ဦး ဖမ်းဆီးခံရ

စစ်ကော်မရှင်ခန့် ကရင်ဝန်ကြီးချုပ် မဲဆွယ်ဆိုင်းဘုတ် ဆုတ်ဖြဲမှုစွပ်စွဲချက်နဲ့ လူငယ်နှစ်ဦး ဖမ်းဆီးခံရ
Photo credit - USDP
Photo credit - USDP

စစ်ကော်မရှင်ခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးရဲ့ ရွေးကောက်ပွဲမဲဆွယ်ဗီနိုင်းဆိုင်းဘုတ်ကို ဆုတ်ဖြဲခဲ့တဲ့ ဘားအံမြို့က အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးကို ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီး အရေးယူလိုက်တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ စိုက်ထူထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဘားအံမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောမြင့်ဦးရဲ့ ဓာတ်ပုံနဲ့စာသားပါ ဗီနိုင်းဆိုင်းဘုတ်ကို ဘားအံမြို့ အမှတ် ၂ ရပ်ကွက်နေသူတွေဖြစ်ကြတဲ့ အသက် ၃၁ နှစ် ထွန်းထွန်းဝင်းနဲ့ အသက် ၁၅ နှစ် ဖြိုးမင်းသန့်တို့က ဆုတ်ဖြဲခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဦးစောမြင့်ဦးရဲ့ ရွေးကောက်ပွဲမဲဆွယ်ဗီနိုင်းဆိုင်းဘုတ်ကို ဆုတ်ဖြဲခဲ့တဲ့ ဘားအံမြို့နေ ထွန်းထွန်းဝင်းနဲ့ ဖြိုးမင်းသန့်တို့ကို စစ်ကော်မရှင်လက်အောက်ခံ ဘားအံမြို့မရဲစခန်းကနေ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒမ ၂၄(က)နဲ့ အမှုဖွင့်ဖမ်းဆီးထားပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘားအံမြို့မှာ ရွေးကောက်ပွဲမဲဆွယ်ဗီနိုင်းဆိုင်းဘုတ်ကို ဆုတ်ဖြဲခဲ့တဲ့သူနှစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က CCTV စောင့်ကြည့်ကင်မရာကနေတစ်ဆင့် နိုဝင်ဘာလ ၂ ရက်နေ့ညပိုင်းမှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ဆိုပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပ ဒေပုဒမ ၂၄(က)အရ ထောင်ဒဏ်အနည်းဆုံး ၃ နှစ်ကနေ အများဆုံး ၇ နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားတာပါ။

စစ်ကော်မရှင်ခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည် ထောင်စုကြံ့ခိုင် ရေးနဲ့ ဖွံဖြိုးရေးပါတီကနေ ကရင်ပြည်နယ်လွှတ်တော်(မဲအများဆုံးရသူအနိုင်ယူစနစ် FPTP) ဘားအံမြို့နယ်မဲ ဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်က စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

လက်ရှိ ကရင်ပြည်နယ်ထဲရွေးကောက်ပွဲမဲဆွယ်ကာလအတွင်းမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီတစ်ခုတည်းသာ မဲဆွယ်မှုတွေရှိနေပြီး အခြား ဝင်ပြိုင်မယ့် ပါတီတွေကတော့ မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေ သိပ်မတွေ့ရဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်ကနေ သိရပါတယ်။

February 28, 2026
မွန်အမျိုးသမီးတွေအနေနဲ့ မွန်ပြည်နဲ့ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ နိုးကြားတက်ကြွစွာ...
February 27, 2026
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး အမိန့်နဲ့...
February 26, 2026
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က...
February 25, 2026
ပိုင်ကျုံ — ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဖြစ်တဲ့ တပ်မဟာ ၇ နယ်မြေထဲ စစ်ကော်မရှင်တပ်...