ဂွမြို့နယ်တွင် လေကြောင်းရန်ကိုစိုးရိမ်စရာရှိသေးသော်လည်း သူများနေရာဒေသတွင် ရေရှည် ရပ်တည် နေထိုင်ရန်မှာ အခက်အခဲရှိ၍ စစ်ဘေးရှောင်နေကြသည့် ဂွစစ်ဘေးရှောင်တချို့ နေရပ်ကို ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။
စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ကိုယ့်အိုး၊ ကိုယ့်အိမ်ကိုစိစစ်ပေးပြီးနေရာချပေးတယ်။ အိမ်တွေ၊ ခြံတွေလည်း ချုံထူရှုပ်ပွနေတာဆိုတော့လမ်းတွေ၊ ခြံတွေ သန့်ရှင်းရေးလုပ်ပေးတယ်။ တချို့လူတွေလည်း ကျန်ပါသေးတယ်။တဖြည်းဖြည်းပေါ့။ ဒီမှာလည်း စိတ်ချရသေးတာမဟုတ်ဘူးလေ” ဟု ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၂ ရက်တွင် ဂွမြို့နယ်အတွင်းမှ စစ်ဘေးရှောင်တချို့ နေရပ် ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်ပြီး ULA ၏အုပ်ချုပ်ရေးပိုင်း နှင့် DLEPS (ဒီလပ်)က ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ရခိုင်က စစ်ဘေးရှောင်အများစုသည် ဧရာ၀တီတိုင်းတွင် စစ်ဘေးရှောင်စဉ် စစ်ဘေးရှောင်းစခန်းဟူ၍ သတ်မှတ်ထားသည့်နေရာ မရှိသလောက်နည်းပါး၍ ဆွေမျိုးများ၊ အသိမိတ်ဆွေတို့၏ နေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင်တည်းခိုနေထိုင်ကြရခြင်းဖြစ်သည်။
ယင်းကြောင့် စားဝတ်နေရေးအပြင် နေထိုင်ရပ်တည်ရေးလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ၍ စိတ်ချရသည့် အခြေအနေမဟုတ်သေးသော်လည်းမိမိနေရပ်ကိုပြန်လာရခြင်း ဖြစ်ကြောင်း နောက်ထပ်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“ဒီမှာလည်း လေယာဉ်တွေ နေ့တိုင်း ဝဲတယ်။ နေ့တိုင်းပဲ။ ဒါပေမယ့် ရေရှည်ကျတော့ ဘယ်လိုမှ သူများနေရာမှာ အဆင်မပြေတော့ဘူး။ အရင်ထက်စာရင်တော့ နည်းနည်းနေထိုင်လို့ရတဲ့ အနေအထားတစ်ခုလည်းဖြစ်လို့ ပြန်လာကြတာ။ စိုးရိမ်မှုရှိလားဆို ရှိတော့ရှိတာပေါ့” ဟု ဆိုသည်။
ရခိုင်စစ်ဘေးရှောင်အများစုသည် ဧရာ၀တီတိုင်းတွင် ခေတ္တစစ်ဘေးရှောင်စဉ် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေး အာဏာပိုင်များက ဒုက္ခရောက်နေသူများကို ကူညီရမည့်အစား ဧည့်စာရင်းအကြောင်းပြပြီး ငွေညှစ်မှုများ၊ AA နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ မတရားသဖြင့် စွပ်စွဲဖမ်းဆီး ထောင်ချမှုများ၊ ကျေးရွာများတွင် နေထိုင်၍ မရအောင်ခြိမ်းခြောက် အနိုင်ကျင့်မှုများ၊ အတင်းဓမ္မနှင်ထုတ်မှုများနှင့် အလုပ်လုပ်ကိုင်ခွင့်များကို ပိတ်ပင်မှုများကို ခံခဲ့ကြရသည်ဟု သိရှိရသည်။
လက်ရှိတွင် ရခိုင်သို့ ပြန်ဝင်လာသည့် ရခိုင်စစ်ဘေးရှောင်များအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး( HDCO) နှင့် လူမှုကူညီရေးအဖွဲ့တချို့က ကူညီထောက်ပံ့သော်လည်း ရပ်တည်နေထိုင်ရေးအတွက် လုံလောက်မှုမရှိနိုင်သေးဟု ဆိုသည်။
HDCO ၏စာရင်းအရ ရခိုင်ရှိ လွတ်မြောက်မြို့နယ်များတွင် စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းကျော်ရှိသည်ဟု သိရသည်။







