ပုဏ္ဏားကျွန်းမြို့ကို အကြမ်းဖက်လေတပ်ဗုံးကြဲ၍ သေဆုံး၊ ဒဏ်ရာရသူ အရပ်သား ၁၀ ဦးခန့်ရှိဟုဆို

ပုဏ္ဏားကျွန်းမြို့ကို အကြမ်းဖက်လေတပ်ဗုံးကြဲ၍ သေဆုံး၊ ဒဏ်ရာရသူ အရပ်သား ၁၀ ဦးခန့်ရှိဟုဆို

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ကို အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့၍ သေဆုံး၊ ဒဏ်ရာရသည့် အရပ်သား ၁၀ ဦးခန့်ရှိသည်ဟု ဒေသခံများက ပြောသည်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့ကို ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ ဂျက်ဖိုက်တာနှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ငါးလုံး ကြဲချ တိုက်ခိုက်ခဲ့သည့်အတွက် ယခုကဲ့သို့ အရပ်သားများ ထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"လောလောဆယ်တော့ ၁၀ လောက် ထိခိုက်တယ်လို့ သိရတယ်" ဟု ပြောသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူများ၏ အမည်၊ အသက်နှင့် အသေးစိတ်ကို နိရဉ္စရာက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့ကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ မတ်လ ၄ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း မည်သည့်တိုက်ပွဲမျှမရှိတော့သော်လည်း စစ်ကော်မရှင်က မြို့နှင့် အနီးတဝိုက်ကျေးရွာများကို လေကြောင်းအပြင် ရေကြောင်းနှင့် စစ်တွေအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းအခြေစိုက် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း လူမှုအဖွဲ့အစည်းမှ လူနာများကို သွားယူစဉ် စစ်တွေအခြေစိုက် စစ်တပ်တပ်ရင်း တစ်ခုက လက်နက်ကြီးကျည်ဖြင့် လှမ်းပစ်သဖြင့် အသက်အငယ်ဆုံးပရဟိတသမားလူငယ်တစ်ဦးဖြစ်သူ မောင်ဌေးအောင်ဟိန်း (ခ)ကိုလတ် (၁၄)နှစ်သည် ကျည်စထိမှန်သေဆုံးခဲ့ရသည်။

အောက်တိုဘာ ၂၉ ရက်နေ့ကလည်း အကြမ်းဖက်မြန်မာစစ်တပ်ထိန်းချုပ်ထားသည့် စစ်တွေတပ်ရင်းတစ်ခုက AA ထိန်းချုပ်ထားသည့် ပေါက်တောမြို့နယ်မှ လူနေကျေးရွာများကို လက်နက်ကြီးဖြင့် ငါးကြိမ်ထက်မနည်း လှမ်းပစ်ခဲ့၍ တောင်ညိုရွာသို့ ကျရောက် ပေါက်ကွဲကာ ငါးနှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

AA၊ MNDAA နှင့် TNLA တို့ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှ တအောင်းတပ်(TNLA)နှင့် စစ်ကော်မရှင်တို့သည် ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်မှစတင်ကာ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ကြပြီဖြစ်သည်။

ယင်းသို့ TNLA နှင့် စစ်ကော်မရှင်တို့ အပစ်ရပ်လိုက်သည့်အတွက် စစ်ကော်မရှင်အနေဖြင့် ညီနောင်သုံးဖွဲ့ထဲမှ AA ထိန်းချုပ်နယ်မြေများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပိုမိုလုပ်လာနိုင်သည်ဟုလည်း စစ်ရေးအကဲခတ်များက သုံးသပ်ထားကြသည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...