စစ်တွေမြို့နယ်မှ ကျေးရွာအချို့ကို စစ်တပ်က မီးရှို့

စစ်တွေမြို့နယ်မှ ကျေးရွာအချို့ကို စစ်တပ်က မီးရှို့

အကြမ်းဖက် မြန်မာစစ်တပ်သည် သူတို့ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည့် စစ်တွေမြို့နယ်မှ ရခိုင်ကျေးရွာ အချို့ကို စတင် မီးရှို့နေကြောင်း သတင်းရရှိသည်။

မီးရှို့ခံရသည့် ကျေးရွာများမှာ စစ်တွေမြို့ မြောက်ဘက် အမြင့်ကျွန်း အနီးဝန်းကျင်တွင် တည်ရှိသည့် ချီလည်ပင်းကျေးရွာနှင့် တစ်ခြား ကျေးရွာနှစ်ရွာမှာ သိန်းတန်နှင့် ရာတန်ကျေးရွာတို့ ဖြစ်ကြပြီး ယမန်နေ့ အောက်တိုဘာ ၂၉ ရက်နေ့ ညက မီးရှို့ခဲ့သည်ဟု သိရသည်။

၎င်းရွာများကို မီးရှို့ရသည့် အကြောင်းအရင်းကို အတိအကျ မသိရသေးသော်လည်း အဆိုပါကျေးရွာများကို ခြေကုတ်ယူကာ အာရက္ခတပ်တော်က စစ်တွေကို တိုက်ခိုက်လာနိုင်သဖြင့် စတင်ရှင်းလင်းခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

“သူတို့ စစ်တပ်က အေအေဝင်လာရင် ဒရုန်းတွေနဲ့ တိုက်နိုင်အောင် အကာအကွယ်ရှိတဲ့နေရာတွေကို ရှင်းလင်းတယ်လို့ ယူဆလို့ ရပါတယ်။ ဒရုန်းနဲ့ တိုက်မယ်ဆိုရင် မြင်ကွင်းက ရှင်းနေရင် တိုက်ရလွယ်တဲ့အတွက် ရွာတွေကို အကာအကွယ်ယူပြီး အေအေဝင်လာမှာကို စိုးရိမ်တဲ့အတွက် ရွာတွေကို အခုလို မီးတိုက်တာ ဖြစ်နိုင်ပါတယ်”ဟု ဒေသခံ စစ်ရေးရင်းမြစ် သုံးသပ်သူ တစ်ဦးက ပြောသည်။

၎င်းပြင် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက အမြင့်ကျွန်းကျေးရွာတွင် တပ်စွဲထားသည့် တပ်သားများ အာရက္ခတပ်တော်ထံ လက်နက်ချသွားသည်ဟု သတင်းများထွက်ပေါ်နေပြီး ယခုမီးရှို့မှုမှာ စစ်သားများ ထွက်ပြေးသွားခြင်းနှင့်လည်း သက်ဆိုင်နိုင်သည်ဟု ၎င်းက ပြောဆိုသည်။

အမြင့်ကျွန်းစခန်းမှ စစ်သားများ ထွက်ပြေးပြီး အာရက္ခတပ်တော်ထံ လက်နက်ချသွားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

စစ်တွေမြို့ ပတ်ပတ်လည်တွင် အာရက္ခတပ်တော် (AA)နှင့် မြန်မာစစ်တပ်တို့အကြား နှစ်ဖက် စစ်ရေးတင်းမာမှု မြှင့်တက်လာနေပြီး လက်ရှိ နှစ်ဖက် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိနေသည်ဟု သိရသည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...