စစ်ကိုင်းတိုင်းလွတ်မြောက်နယ်မြေမှာ အသည်းရောင်အသားဝါရောဂါပိုး ပျံ့နှံ့နေ

စစ်ကိုင်းတိုင်းလွတ်မြောက်နယ်မြေမှာ အသည်းရောင်အသားဝါရောဂါပိုး ပျံ့နှံ့နေ

စစ်ကိုင်းတိုင်းအထက်ပိုင်းလွတ်မြောက်နယ်မြေအတွင်းက အရပ်သားတွေအပါအဝင် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအကြား အသည်းရောင်အသားဝါရောဂါ A ပိုးပြန့်နှံ့ဖြစ်ပွားနေတယ်လို့ စစ်ကိုင်းနဲ့ ကချင်အစပ်က ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ် သီတင်းကျွတ်ကာလနောက်ပိုင်းကစလို့ တချို့ကျေးရွာတွေဆို ရွာလုံးကျွတ်နီးပါးကို အသည်းရောင်အသာဝါရောဂါကို ခံစားနေကြရတာလို့ ပြောပါတယ်။

“တစ်ချို့ဆို ရွာလုံးကျွတ်ဖြစ်တာ။ အသည်းရောင်အသားဝါ A ပိုးက ကူးစက်တာက တအားမြန်တယ်။

ကိုယ်ခံအားကျတာနဲ့ ဖြစ်တာပေါ့လေ။ ဒေသခံတွေရော ရဲဘော်တွေလည်း တော်တော်များများ ဖြစ်ကြတယ်။ ဒီသတင်းကျွတ်မတိုင်ခင်က စလို့ဖြစ်လာတာ။ ပိုးက ပြန့်နေတာပေါ့လေ။ တစ်နယ်လုံးဖြစ်နေတာ။ ၅ ယောက်မှာ ၂ ယောက်လောက်က ဖြစ်နေတာ။”လို့ အသည်းရောင်အသားဝါရောဂါ ဖြစ်နေသူဒေသခံတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီတပ်ဂိတ်တွေကလည်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဆီ ဆေးဝါး သယ်ယူခွင့် ကန့်သတ်တာတွေလည်း ရှိနေပြန်တာကြောင့် ဆေးဝါးဈေးနှုန်း အဆမတန်မြင့်တာ၊ ပြတ်လပ်တာတွေအပြင် လိုအပ်တဲ့ဆေး အလွယ်တကူမရနိုင်တဲ့အခြေနေတွေ ကြုံရပြန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က သူတို့ရဲ့ အထိုင်ချဂိတ်တွေမှ အိမ်သုံးဆေးဝါး၊ စက်သုံးဆီ၊ အင်ဗာတာ၊ ဆိုလာ အစရှိတဲ့ လျှပ်စစ်ပစ္စည်းတွေအပါအဝင် တခြားသောအိမ်သုံးပစ္စည်းတချို့ကိုလည်း သယ်ယူခွင့်ကန့်သတ်ထားတယ်လို့ ကားသမားတွေက ပြောပါတယ်။

“ကန့်သတ်ကုန်က လျှပ်စစ်ပစ္စည်းပေါ့ အင်ဗာတာ၊ ဆိုလာတွေ ကန့်သတ်တယ်။ ပြီးရင် အိမ်သုံးဆေးဝါးတွေ ကန့်သတ်တယ်။ ရွှေမျှောသုံးတဲ့ ပစ္စည်းရယ် အင်ဂျင်ဝိုင် စက်သုံးပစ္စည်းတွေရယ် အဲ့ကောင်တွေက အဓိကဘဲ အဲ့တာတွေသာ သယ်လာရင် စစ်ဆေး မေးမြန်းမရှိ ကားတွေကို ဖမ်းတယ်။ စစ်ကိုင်းဘက်ဆိုရင် လူတွေကိုပါ ရိုက်တာ” လို့ ကားသမားတစ်ယောက်က စစ်ကောင်စီရဲ့ ဆေးဝါးကန့်သတ်တဲ့အခြေနေတွေကို ပြောပြပါတယ်။

အသည်းရောင်အသားဝါ A ရောဂါဟာ ကူးစက်မြန် အသည်းရောင်ရောဂါမျိုးဖြစ်ပြီး Hepatitis A virus ကြောင့် ဖြစ်တာဖြစ်ပြီး သူက အခြားအသည်းရောင် Virus တွေဖြစ်တဲ့ Hepatitis B (ဘီပိုး), Hepatitis C (စီပိုး) တို့လို နာတာရှည် အသည်းထိခိုက်ခြင်း မရှိပေမယ့် ဝေဒနာတွေတော့ အတော်ခံစားရနိုင်တဲ့ ရောဂါတစ်ခု ဖြစ်တယ်လို့ NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားသူရဲ့ ဝမ်းနဲ့ သွေးထဲမှာ ပိုးတွေရှိနေတတ်ပြီး ပြန့်ပွားပုံကတော့ အစားအသောက်နဲ့ ရေတို့ မသန့်ရှင်းတဲ့အခါ၊ ရောဂါ ဖြစ်သူကို အနီးကပ်ပြုစုတဲ့သူတွေမှာ ကူးစက်နိုင်ပြီး မသန့်ရှင်းတဲ့ ရေနဲ့ ထိတွေ့ထားတဲ့ ကမာ၊ ဂုံးစတဲ့ အစားအစာတွေကို အစိမ်းစားခြင်း အားဖြင့်လည်း ရောဂါကူးစက်နိုင်ပါတယ်။

ဒါ့အပြင် ရောဂါပိုးရှိသူနဲ့ အတူနေ၊ လိင်ဆက်ဆံခြင်း (oral sex, anal sex) တို့မှလည်း ကူးစက်နိုင်တယ်လို့ NUG ရဲ့ကျန်းမာရေး ဝန်ကြီးဌာနရဲ့ဖော်ပြချက်မှာ တွေ့ရပါတယ်။

အမှတ် ၁ စစ်ဒေသ တိုက်ခိုက်ရေးနဲ့ကယ်ဆယ်ကုသရေး ဆေးတပ်ဖွဲ့မှူး ဒေါက်တာဂျေကော့ကတော့ ခုလိုပြောပါတယ်။

“အဓိကကတော့ စစ်ကိုင်းတိုင်းက ရေကောင်းကောင်းမရဘူး။ ပြီးတော့ စိုက်ခင်းတွေမှာ ပိုးသတ်ဆေး အလွန်အကျွံ သုံးကြတယ်။ ပိုးသတ်ဆေးတွေ သုံးတဲ့အခါမှာလည်း စိုက်ခင်းတွေ ဖြန်းတဲ့အခါမှာလည်း လုံလောက်တဲ့ ကာကွယ်မှုစနစ်တွေ မရှိဘူး။ ပြီးတော့ အိမ်မှာလည်း ယင်လုံအိမ်သာ မရှိတာများတယ်။ တောထဲမှာပဲ စွန့်ပစ်ကြတာ များတယ်။ အဲ့လိုတွေကြောင့် ဖြစ်တာများတယ်”လို့ စစ်ကိုင်းဒေသမှာ အသည်းရောင်အသားဝါ A ရောဂါဖြစ်နိုင်တဲ့အခြေနေကို ရှင်းပြပါတယ်။

အသည်းရောင်အသားဝါ A ရောဂါအတွက် သီးသန့် ကုသတဲ့ဆေး Antiviral treatment တော့ မရှိဘဲ ခန္ဓာကိုယ်ရဲ့ ခုခံအား ကောင်းရုံနဲ့ ပျောက်ကင်းနိုင်ပြီး အိပ်ရေးဝဝအိပ်၊ ကောင်းစွာ အနားယူပါ၊ အလုပ်နားပါ၊ အစားကို မျှတစွာ၊ ပျော့ပျောင်းစွာစားပါ၊ အရည်များများသောက်ဖို့ ဆရာဝန်များက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အသီးအရွက်များများစားဖို့၊ ရေများများသောက်၊ ကိုယ်လက်လှုပ်ရှားလုပ်ဖို့၊ ယင်လုံအိမ်သာအသုံးပြုဖို့နဲ့ သန့်ရှင်းသော အစားအသောက်တွေက ကုသရေးအတွက် အထောက်အကူပြုပြီး ကာကွယ်ရေးအတွက်ကတော့ သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

 photo credit - CJ

Most read this week

(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...