စစ်တွေမှ လက်နက်ကြီး လှမ်းပစ်၍ ပုဏ္ဏားကျွန်း ဒေသခံတစ်ဦး ဒဏ်ရာရ

စစ်တွေမှ လက်နက်ကြီး လှမ်းပစ်၍ ပုဏ္ဏားကျွန်း ဒေသခံတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီ ထိန်းချုပ်ဆဲဖြစ်သည့် စစ်တွေမြို့ရှိ တပ်ရင်းများမှ ယမန်နေ့ (အောက်တိုဘာ ၂၇) က လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပုဏ္ဏားကျွန်းမြို့အတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က စစ်တွေရှိ ဒေသစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (ဒစက)၊ ကျားမသောက် တပ်ရင်းများ၊ ရွှေမင်းဂံနှင့် ခလရ ၂၀ တပ်ရင်းများမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ပုဏ္ဏားကျွန်းမြို့တွင်း ဘူတာရုံအနီး၊ ယာချောင်းနှင့် တောင်ပေါက် စသည့်ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယာချောင်းဒေသခံ အမျိုးသားတစ်ဦးက “လက်နက်ကြီးက ပုဏ္ဏားကျွန်းမြို့ထဲလည်း ကျတယ်။ ပုဏ္ဏားကျွန်း ဘူတာရုံနားမှာ ကျလို့ မြို့ခံတစ်ယောက် ဒဏ်ရာရသွားတာ။ ယာချောင်းကိုကျေးရွာမှာလည်း ကျတယ်။ အခုတော့ ရွာသားတွေ ထွက်ပြေးနေရတယ်” ဟု ပြောသည်။ ဒဏ်ရာရသူ၏ အသေးစိတ်အချက်အလက်များကို DMG က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယင်းကဲ့သို့ လက်နက်ကြီးကျရောက်မှုများကြောင့် အဆိုပါ ကျေးရွာများနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျေးရွာသားများက ပြောသည်။

စစ်တွေရှိ စစ်ကောင်စီတပ်ရင်းများမှာ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၂၈ ရက်၊ နံနက် ၉ နာရီခန့်မှ စတင်ကာ စစ်တွေရှိ အဆိုပါ တပ်ရင်းများမှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေပြီး အာရက္ခတပ်တော်ဘက်မှလည်း ပြန်လည် ပစ်ခတ်မှုများ ရှိကြောင်း စစ်ရေးသတင်းရင်း မြစ်များက ပြောသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ပစ်ခတ်မှုကတော့ နေ့တိုင်းလိုလို ရှိနေတယ်။ ထိတွေ့တိုက်ပွဲ ဖြစ်တာမျိုးတော့ မရှိဘူး။ နှစ်ဖက် စစ်ဆိုင်ထားတဲ့ ကြားက သူပစ်ကိုယ်ပစ်ပဲ ဖြစ်နေတာ” ဟု ပြောသည်။

အောက်တိုဘာ ၂၆ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာသို့ လူနာတင်ရန် သွားရောက်စဉ် စစ်ကောင်စီ၏ ဒရုန်းဖြင့် ပစ်ခတ်ခံရမှုကြောင့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း ပရဟိတအသင်းမှ အဖွဲ့ဝင်လူငယ်တစ်ဦး သေဆုံးသွားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် စစ်ရေး တင်းမာနေပြီး လက်နက်ကြီး၊ ဒရုန်း အပြန်အလှန်ပစ်ခတ်မှုများ နေ့စဉ်ရှိနေသည်။

လက်ရှိ စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီဘက်မှ အင်အားဖြည့်စစ်ရေးလှုပ်ရှားမှုများ ရှိလာနေပြီး စစ်တွေ ပင်လယ်ပြင်တွင် စစ်သင်္ဘောလှုပ်ရှားသွားမှုများကို တွေ့ရကြောင်း မြို့ခံများက ပြောဆိုကြသည်။

စစ်ကောင်စီဘက်ကလည်း ရွေးကောက်ပွဲအကြိုကာလဖြစ်သဖြင့် မြို့ပေါ်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဟောပြောမှုများ၊ ပါတီဆိုင်းဘုတ်ထောင်ခြင်း စသည်တို့အား ပြုလုပ်နေသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စစ်ရေးလှုပ်ရှားမှုများကို ပိုမိုလုပ်လာနေပြီး စစ်တွေနှင့် ထိစပ်နေသည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်များမှ ကျေးရွာများအား လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိလာနေသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...