လွိုင်ကော်မြို့မှာ တိမ်းရှောင်နေတဲ့ ငွေတောင်စစ်ရှောင်တွေကို နေရပ်ပြန်ဖို့ စစ်ကော်မရှင် စည်းရုံးပြောဆို

လွိုင်ကော်မြို့မှာ တိမ်းရှောင်နေတဲ့ ငွေတောင်စစ်ရှောင်တွေကို နေရပ်ပြန်ဖို့ စစ်ကော်မရှင် စည်းရုံးပြောဆို

တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့တွင်းမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာက ဒေသခံတွေကို နေရပ်ပြန်ဖို့ စစ်ကော်မရှင် အုပ်ချုပ်ရေးအဖွဲ့က စည်းရုံးပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ငွေတောင်မှာ စစ်ရှောင်တွေကို ပြီးခဲ့တဲ့ အပတ်က ရိက္ခာတွေ လှူတာ ကြားတယ်။ ပြန်နေလို့ ရပြီလို့လည်း ပြောတယ်။” လို့ လွိုင်ကော်မြို့မှာ စစ်ရှောင်နေသူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့ပေါ်က ဒေါငံခါး၊ ခေါက်ပလော့ ကျေးရွာအနီးအနားမှာ စစ်ရေးလှုပ်ရှားတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ ယခုလအတွင်း တိုက်ပွဲဖြစ်ပွားနေပေမယ့် ငွေတောင်ကျေးရွာအုပ်စုက ဒေသခံတွေကို နေရပ်ပြန်လာဖို့ စစ်ကော်မရှင်က ပြောဆိုနေတာပါ။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ငွေတောင်ကျေးရွာက အထက်တန်းကျောင်းဝန်း ၊ လမ်းမကြီးဘေးတစ်လျှောက်က ခြုံနွယ်တွေကို စက်ယန္တရားတွေနဲ့ ရှင်းလင်းရေးဆောင်ရွက်ခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

စစ်ရေးအရ လုံခြုံမှုမရှိသလို လုပ်ကိုင်စားသောက်လို့ မရတာကြောင့် နေရပ်မပြန်လိုကြောင်းကို စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“မပြန်ချင်တော့ဘူးလေ ဘာမှမရှိတော့တာ။ ဘယ်လို လုပ်စားရတော့မလဲ။ နောက်ပြီး ကျနော်တို့တော့ ဒီဖက်မှာ ဘားမှတော့ မသိရသေးဘူး” လို့ ငွေတောင်စစ်ရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိ ငွေတောင်ကျေးရွာအုပ်စုမှာတော့ ခလရ (၁၀၂) တပ်က တပ်မိသားစုအသိုင်းအဝိုင်း၊ ဌာနဆိုင်ရာဝန်ထမ်းနဲ့ ဒေသခံတချို့ ပြန်လည်နေထိုင်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း ငွေတောင်ကျေးရွာက ကျောင်းတိုက်မှာ နေရပ်ပြန်တဲ့ ပြည်သူတွေကို ဒီးမော့ဆိုမြို့နယ် ဦးစီးမှူးရုံးကနေ အိမ်ထောင်စုလူဦး‌ရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကဒ် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲပြုလုပ်မယ့် မြို့နယ်တွေထဲက လွိုင်ကော်၊ ဖရူဆို၊ ဘောလခဲနဲ့ ဒီးမော့ဆိုမြို့နယ်လည်း ပါဝင်ပြီး ရွေးကောက်ပွဲအပိုင်း ၁ ကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။

February 28, 2026
စစ်ရေးအခြေအနေပြင်းထန်ပြီး စစ်ဘေးရှောင်တွေများပြားနေတဲ့ ကရင်နီပြည်မှာ စားဝတ်နေရေး...
ကန္တာရဝတီတိုင်း ( မ် )
February 27, 2026
ကရင်နီသူနာပြုများ အစည်းအရုံး (Karenni Nurses Association - KNA) ဥက္ကဋ္ဌအဖြစ်...
February 26, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် နဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဖားဆောင်း ( သံလွင် )...
ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ် နဲ့ မိုလိုချောင်းကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် ) )
February 25, 2026
အာဆင်းနစ်အဆိပ်သင့်နေတဲ့ ကရင်နီပြည်က သံလွင်မြစ်နဲ့ မိုလိုချောင်းက ရေတွေကို...