မဲဆွယ်စည်းရုံးမယ့်နေရက် နီးလာချိန် လုံခြုံရေးတိုးမြှင့်ဖို့ စစ်ကော်မရှင်ပြော

မဲဆွယ်စည်းရုံးမယ့်နေရက် နီးလာချိန် လုံခြုံရေးတိုးမြှင့်ဖို့ စစ်ကော်မရှင်ပြော

ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးမယ့် နေ့ရက် နီးကပ်လာချိန်မှာ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ် ဦးညိုစောက သတိပေး ပြောဆိုလိုက်ပါတယ်။

စစ်ကော်ရှင်ရဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကို အလေးထားဖို့ ထည့်သွင်းပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင် စစ်တပ်ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

မွန်ပြည်နယ်မှာ‌တော့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဒေသအလိုက် လုံခြုံရေးတိုးမြှင့်တာအပါအဝင် မြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မွန်ပြည်နယ် သထုံခရိုင်တာဝန်ခံ ကိုအေးမင်းထွန်းက သူတို့ လှုပ်ရှားတဲ့ ဒေသဘက်မှာ စစ်တပ်က အင်အားပြပြီး လုံခြုံရေး တိုးမြှင့်ထားတာ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီစစ်ကောင်စီကတော့ (စကမ) သူတို့ လုပ်မယ့် တရားမဝင် ရွေးကောက်ပွဲကို လုံခြုံရေးကတော့ အရင်ကထက်စာရင်တော့ တိုးမြှင့်ထားတာတွေ ရှိတယ်။ အများအားဖြင့် မြို့ထဲမှာဆို အရပ်ဝတ်တွေနဲ့ လုံခြုံရေးတိုးမြှင့်တာတွေ ရှိတယ်။ နောက်တစ်ခုက အဝေးပြေးကားလမ်းမကြီးနဲ့ နီးတဲ့ရွာတွေကို ကင်းပုန်းထိုးတာတွေ စစ်ကြောင်းလှည့်တာတွေ အဲဒါမျိုးနဲ့ အင်အားပြတဲ့ သဘောပေါ့၊ ဒါမျိုးတွေ သူတို့ လုပ်တာ ရှိတယ်။ စစ်ကောင်စီက လုပ်တဲ့ ရွေးကောက်ပွဲက တရားဝင်ရွေးကောက်ပွဲမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့က နည်းမျိုးစုံနဲ့ တိုက်ဖျက်သွားမှာပဲ”လို့ ဆိုပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ စတင်ကျင်းပမယ့် အပိုင်း ၁ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ကျန်တဲ့ မြို့နယ် ၁၀၀ ကိုတော့ ဒုတိယကြိမ် အပိုင်း ၂ အဖြစ် နောက်နှစ် ဇန်နဝါရီမှာ ကျင်းပနိုင်တယ်လို့ ခန်းမှန်းထားကြတာပါ။

မွန်ပြည်နယ်မှာတော့ တစ်ပြည်နယ်လုံးကို အထွေထွေရွေးကောက်ပွဲကျင်းပဖို့ စစ်ကော်မရှင်က လျာထားပြီး အပိုင်း ၁ မှာတော့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကျန်မြို့နယ်တွေကိုတော့ လာမယ့်နှစ် ဇန်နဝါရီအတွင်း ဆက်လက်ကျင်းပမယ့် အပိုင်း ၂ အထွေ ထွေရွေးကောက်ပွဲမှာ ပြုလုပ်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် မဲဆန္ဒရှင်ပြည်သူအများစုဟာ မဲစာရင်းတွေကိုတောင် စစ်ဆေးဖို့ စိတ်မဝင်စားကြပါဘူး။

“ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ဟာကျတော့ ရေးမြို့နယ်မှာ ဇန်နဝါရီလမှ ဖြစ်မယ်ဆိုတော့ ဒီဘက်ခြမ်းကလည်း စိတ်ပါဝင်စားမှုက မရှိဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံး ပြည်သူတွေက မဲစာရင်းကအစ မသိကြဘူး။ အခုလက်ရှိအချိန်အထိ ပြည်သူတွေ မဲစာရင်းတောင်မှ ကိုယ့်နာ မည် ပါမပါ မကြည့်ကြဘူးဆိုတော့ ရွေးကောက်ပွဲဖြစ်တဲ့ အချိန်ကျရင်တော့ အများဆုံး(မဲဆန္ဒရှင်တွေ) ထည့်ကြမှာ မဟုတ်ဘူး။ အမတ်ရဲ့ (ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း) ဆွေမျိုး အသိုင်းအဝိုင်းတွေလောက်ပဲ အများဆုံး ၃၀ ရာခိုင်နှုန်းလောက်ပဲ မဲထည့်ကြမယ်လို့ မြင်တယ်”လို့ ရေးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့အညီ ဆောင်ရွက်ဖို့ ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ အသုံးပြုမယ့် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကို ပြည်သူတွေ အသုံးပြုတတ်စေဖို့ ပညာပေးရေးအစီအစဉ်တွေလည်း ဆောင်ရွက်ဖို့ အစည်းအဝေးမှာ ညွန်ကြားထားတာပါ။

လက်ရှိမှာလည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို စစ်ကော်မရှင် ထိန်းချုပ်ထားနိုင်တဲ့ တိုင်းနဲ့ပြည်နယ်ရှိ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေက ကြေညာထားပြီး ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်အပြင် တိုင်း ရင်းသားလူမျိုး မဲဆန္ဒနယ်သုံးခုမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ ကိုးခုနဲ့ တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ရှိနေတာပါ။

ဒီအတွက် စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးတဲ့ကာလကိုတော့ အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ အတွင်း ခွင့်ပြုထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါတယ်။

ဒါပေမယ့် လုံခြုံရေးအကြောင်းပြချက်နဲ့ စီတန်းလှည့်လည်ပြီး မဲဆွယ်စည်းရုံးတာကိုတော့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုဘဲ ပိတ်ပင်ထားတယ်လို့ နိုင်ငံရေးပါတီတချို့က သံလွင်တိုင်းမ်ကို ပြောထားတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က လောဆယ်မှာ လုံခြုံရေးအတွက်ဆိုပြီး စစ်တပ်က ရပ်ရွာတွေ ရဲစခန်းတွေမှာ ရှိသင့်တဲ့ အင်အားထက် တိုးချဲ့ ချထားတယ်လို့ ပြောပါတယ်။

“သူတို့လုံခြုံရေးအတွက်ဆိုပြီး စစ်အင်အားတိုးချဲ့တာ ရပ်ရွာတွေမှာ ရဲစခန်းတွေမှာတော့ ရှိသင့်ရှိထိုက်တဲ့ အင်အားထက် ပိုတိုးပြီးတော့ အင်အားတိုးချဲ့ ချထားတာမျိုး ရှိတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်ကတော့ စစ်ကြောင်းထိုးတဲ့ အခြေအနေတွေ ရှိတယ်။ လောလောဆယ်က ဒီလောက်ပဲ ရှိသေးတယ်။ ဆိုတော့ ဒီရွေးကောက်ပွဲအတွက် မဲဆွယ်ကာလမှာတော့ တနည်းတဖုံ သူတို့ဘက်ကတော့ ပြင်ဆင်လာနိုင်ခြေရှိဦးမယ်လို့ ကျွန်တော်ထင်တယ်”လို့ ဆိုပါတယ်။

MSFC ရဲ့ ကာကွယ်ရေးဌာနအောက်မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ ကောင်စီရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF တို့ဟာ ပြည်နယ်တောင်ပိုင်းနဲ့ ရေဖြူမြို့နယ်တို့မှာ မဟာမိတ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားနေတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီအပါအဝင် တော်လှန်ရေးအင်အားစုတွေဟာ စစ်ကော်မရှင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို အတုအယောင်လို့သာ သတ်မှတ်ပြီး ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြောထားကြပါတယ်။

Photo credit - social media 

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...