လေးကေကော်ဒေသအနီး ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေ

လေးကေကော်ဒေသအနီး ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေ

မြဝတီတောင်ဘက်ရှိ လေးကေကော်ဒေသအနီး ကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီ တပ်တို့အကြား ယမန်နေ့ညကစပြီး လက်ရှိအချိန်ထိ နှစ်ဖက်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု တိုက်ပွဲအနီးဝန်းကျင်ရှိ ဒေသခံများက ပြောသည်။

ဖလူးနှင့် မင်းလက်ပံအကြား အင်ကြင်းမြိုင်ကျေးရွာအတွင်းသို့ ယမန်နေ့ညကစပြီး စစ်တပ်ဘက်က စစ်ကား ၁၅ စီးဖြင့် ဝင်ရောက်လာပြီး တော်လှန်ရေးပူးပေါင်းတပ်တွေရှိရာကို လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခြင်း ‌ကြောင့် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားနေကြောင်း ဖြစ်စဉ်အနီး စစ်ရှောင်နေသူ အမျိုးသမီး တစ်ဦးက အခုလိုပြောသည်။

“အခု အင်ကြင်းမြိုင်မှာ BGF နဲ့ စုဖွဲ့ပြီး နေနေတာ။ ညကတည်းက အလုံးကြီးတွေ စပစ်တယ်။  စစ်တပ်ဘက်က အလုံးကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ပစ်တယ်။ သေနတ်တွေနဲ့လည်း ပစ်ကြတယ်။ ဒီမနက်လည်း ထပ်ပစ်တယ်။ အခုထိ ပစ်တုန်းပဲ။ ကရင်တွေဘက်က ဒရုန်းနဲ့ ပြန်လာချတယ်”ဟု  ကေအိုင်စီသို့ ပြောသည်။

လက်ရှိ အင်ကြင်းမြိုင်သို့ ရောက်ရှိနေသော စစ်တပ်နှင့် BGF ပူးပေါင်းပြီး မြေပြင် ထိုးစစ်ဆင် နိုင်ရန် မြဝတီမြို့ တွင်းက ခြေလျင်တပ်ရင်း (ခလရ-၂၇၅)ကလည်း  ယမန်နေ့ညနေ့ပိုင်းကစပြီး လက်နက်ကြီး ပစ်ကူပေးနေသည်ဟု မြို့တွင်းနေထိုင်သူများက ဆိုသည်။

အဆိုပါ အပြန်အလှန် ပစ်ခတ်မှုအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဒရုန်းဖြင့် ပြန်လည် တုံ့ပြန်တိုက်ခိုက်ချိန် တွင် စစ်တပ်ဘက်က အင်ကြင်းမြိုင်အနီးအနားတွင်ရှိသည့် စစ်ဘေးရှောင် ဒုက္ခသည်များ ခိုလှုံရာ အနီးပတ်ဝန်း ကျင်များတွင် ဝင်ရောက်အကာအကွယ်ယူနေကြောင်းလည်း ၎င်းစစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။

“သူတို့(စစ်တပ်)က လည်တယ်။ ဟိုက ဒရုန်းနဲ့လာပစ်တော့ စစ်ရှောင်တွေ နားမှာ လာခိုကြတယ်။ ဒီနေရာမှာ စစ်ရှောင်ရှိတာ သူတို့ သိတယ်လေ။ အာ့ကြောင့် လာခိုတာ။ ရောနေတာတော့ မဟုတ်ဘူး။ သူတို့က ဒီဘေးနားပဲ လာနေတော့ စစ်ရှောင်တွေအတွက်လည်း အန္တရာယ်ရှိတယ်။ ဆေးခန်းနေရာမှာလည်း သူတို့ အင်အား တွေ ချည်းပဲ” ဟု ဆိုသည်။

လက်ရှိ မြဝတီမြို့နယ် လေးကေကော်ဒေသ တိုက်ပွဲကြောင့် လေးကေကော်အပါအဝင် ဖလူးကျေးရွာ အုပ်စုရှိ ကျေးရွာငယ် ၈ ရွာမှ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးနေရာများတွင် နေရပ်စွန့်ခွာ စစ်ဘေး ရှောင်နေရ သူ ၃,၄၀၀ ကျော်ရှိသည်ဟု စစ်ဘေးရှောင်အရေးကူညီသူများက ပြောသည်။

လတ်တလော နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာသူ ၃၄၀၀ ကျော်၏ စားဝတ်နေရေး၊ အမိုးအကာအောက် ရောက်ရှိနေထိုင်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် တစ်ပိုင်တစ်နိုင် အလှူရှင်များ၊ စစ်ရှောင် အရေး ကူညီဆောင်ရွက်သူများ၊ ကရင်အရပ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့်သာ စောင့်ရှောက် နေကြသည်ဟု သိရသည်။ 

Most read this week

ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...