ကလေးမြို့တွင် ၁ လကျော်ကြာ ပြတ်တောက်နေသည့် အင်တာနက်လိုင်း ပြန်ရ

ကလေးမြို့တွင် ၁ လကျော်ကြာ ပြတ်တောက်နေသည့် အင်တာနက်လိုင်း ပြန်ရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် တစ်လကျော်ကြာ ပြတ်တောက်နေခဲ့သည့် ဆက်သွယ်ရေးလိုင်းများအနက် U9 (ယခင် Ooredoo) အင်တာနက်လိုင်းသည် ယမန်နေ့ အောက်တိုဘာ ၁၄ ရက် နေ့လည် ၁ နာရီခန့်က ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ဖုန်းဒေတာဖြင့်သာ အင်တာနက်လိုင်းသုံးနိုင်ခြင်းဖြစ်ပြီး Wifi လိုင်းများမရသေးကြောင်း သိရသည်။

ကလေးမြို့ဒေသခံ အမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရ "လိုင်းပြန်ရပြီ။ ဒါပေမဲ့ Oreedoo ခေါ် U9 လိုင်းရတာ။ လိုင်းက မဆိုးဘူး ကောင်းတယ်။ တစ်ခြားဟာတော့ မရသေးဘူး။ Mytel လဲ လိုင်းတော့ တက်ပြီ ဒါပေမဲ့ သုံးလို့ သိပ်မရဘူး။ အခုကျွန်မတို့ ဝိုင်ဖိုင်ကတော့ မရသေးဘူး။ sim data ပဲရတာ။" ဟု ပြောသည်။

ထို့အတူ Mytel သည်လည်း 4G လိုင်း ပြန်လည်တက်လာကြောင်း သိရသော်လည်း လိုင်းသုံး၍ မရသေးပေ။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့မှစ၍ ကလေးမြို့တွင် အင်တာနက် ဝိုင်ဖိုင်လိုင်းနှင့် မိုဘိုင်းဒေတာ လိုင်းများအပြင် ဖုန်းခေါ်ဆိုမှုများပါ အလွန်ခက်ခဲသည်အထိ ဆက်သွယ်ရေးများ ဖြတ်တောက်ခံခဲ့ရခြင်းဖြစ်သည်။

ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသည့် MPT၊ Mytel နှင့် Ooredoo (U9) တို့၏ ဝိုင်ဖိုင်လိုင်းနှင့် ဖုန်းလိုင်းများ အားလုံးကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး၊ အချို့လိုင်းများမှာ 2G အဆင့်သာ ရရှိခဲ့သည်။

ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေချိန်တွင် ဒေသခံပြည်သူများသည် ၎င်းတို့၏ လုပ်ငန်း၊ စီးပွားရေးနှင့် နေ့စဉ်လူမှု ဘဝများတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အင်တာနက်လိုင်းမရသည့်အချိန်အတွင်း အချို့သောနေရာများတွင် ဒေသခံများသည် Starlink အင်တာနက်လိုင်း ရသည့်နေရာများတွင် တစ်နာရီ ကျပ် ၁၀၀၀ ၊ တစ်ရက် လျှင် ကျပ် ၅၀၀၀ အထိ ပေးဆောင်ကာ အချိန်ပိုင်း အသုံးပြုနေခဲ့ကြသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် စက်တင်ဘာလဆန်းပိုင်းကစ၍ ကလေးမြို့မြောက်ပိုင်း ကလေး-တမူး ကားလမ်းမပေါ်ရှိ နန်းစောင်းပု၊ နန်းဟံနွဲကျေးရွာဘက်ကို ပျူစောထီး၊ ကသည်းလက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ စစ်ကြောင်းထိုးရာတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကာ အကြီးအကျယ် အထိနာခဲ့ခြင်းကြောင့် ဆက်သွယ်ရေး လိုင်းများအားလုံးကို ဖြတ်တောက်ထားခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

Most read this week

April 11, 2026
ဝါရင့်နိုင်ငံရေးသမားနှင့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်...
April 10, 2026
ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းအားလုံးကို...
April 9, 2026
အာဏာသိမ်း စစ်ကော်မရှင်သည် တရားဝင်မှု အပေါ်ယံလွှာကို ဖန်းတီးနိုင်ရေးအတွက် အတုအယောင် ရွေးကောက်ပွဲ...
April 8, 2026
လက်ရှိ စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွင်းထန်ကိုပင် စစ်အစိုးရသစ်၏...