NCA ပွဲသွားခြင်းသည် သိက္ခာမဲ့လုပ်ရပ်ဖြစ်သည်ဟု ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူပြော

NCA ပွဲသွားခြင်းသည် သိက္ခာမဲ့လုပ်ရပ်ဖြစ်သည်ဟု ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူပြော

စစ်အုပ်စုဦးဆောင်ပြုလုပ်မည့် တစ်နိုင်လုံးအပစ်ခတ်ရပ်စဲရေးစာချုပ်-NCA ဆယ်နှစ်ပြည့်ပွဲကို သွားတက် ရောက်ခြင်းသည် သိက္ခာမဲ့သောလုပ်ရပ်ဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးက အောက်တိုဘာ (၁၄)ရက်နေ့တွင် ပြုလုပ်သည့် ကေအိုင်စီနှင့် သီးသန့်အင်တာဗျူးတွင် ပြောသည်။

နိုင်ငံတော်အာဏာကို ‌လေးနှစ်ကျော်ကြာ အဓမ္မသိမ်းယူထားသည့် စစ်အုပ်စုသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့၊  နိုင်ငံတကာကိုယ်စားလှယ်များ၊ ၎င်းအားပေး ထောက်ခံသူများပါဝင်လာကြမည့် NCA ဆယ်နှစ်ပြည့်ပွဲကို နေပြည်တော်တွင် (၃)ရက်ကြာ ပြုလုပ်ကျင်းပသွားရန် စီစဉ် ဖိတ်ကြားထားခြင်းလည်း ဖြစ်သည်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူထုကိုသတ်နေတာ အတောမသတ်နိုင်အောင်ပဲ။ ဒီလူတွေလုပ်တဲ့ပွဲကို ခင်ဗျားတို့သွားတက်ရင် ခင်ဗျားတို့ပဲ သိက္ခာကျမှာ။ ဒီလောက်တောင် ကိုယ်ကျင့်သိက္ခာမဲ့တဲ့အလုပ်ကို လုပ်သင့်လား မလုပ်သင့်လား ခင်ဗျားတို့ပဲ ဆုံးဖြတ်ရမှာ။ နိုင်ငံတကာအဖွဲ့တွေအနေနဲ့လည်း ကျင့်ဝတ် သိက္ခာရှိတဲ့ အဖွဲ့မှန်ရင် ဒီလိုလူမျိုးလုပ်တဲ့ပွဲတော့ မတက်သင့်ဘူး” ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။

စစ်တပ်အာဏာသိမ်းလုပ်ရပ်ကြောင့် NCA စာချုပ်သည်လည်း စက္ကူစုတ်သာသာဖြစ်သွားစေပြီဟု ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်က NCA လက်မှတ်ရေးထိုးခြင်းတွင် ပါဝင်သည့် KNU၊ ကျောင်းသားတပ်မတော်-ABSDF၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မ‌တော်-PNLO/PNLA၊ လားဟူဒီမို ကရက်တစ်တပ်မတော်-LDU၊ မွန်ပြည်သစ်ပါတီ-NMSP(လက်ရှိ NMSP-AD) တို့ ယမန်နေ့ ထုတ်ပြန်သည့် ပူးတွဲ‌ကြေညာချက်တွင် ပြောဆိုခဲ့သည်။

စစ်အုပ်စုရွေး‌ကောက်ပွဲကို ထောက်ခံခြင်းမရှိသောကြောင့် NCA လက်မှတ်ထိုးခဲ့သည့် ကေအဲန်ယူကို ယခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် စစ်အုပ်စုက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သည်။

စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးမှု လုပ်နေသည့် လက်နက်ကိုင်အချို့နှင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တို့ ပါဝင်သော ယခုနှစ် ဇွန်လက ကျင်းပသွားသည့် NCA အကြို ငြိမ်းချမ်းရေးစကားဝိုင်းတွင်လည်း စစ်အုပ်စုက ရွေးကောက်ပွဲကိစ္စသာ အလေးပေးပြောဆိုခဲ့သည်။

‌‌အတိုက်အခံ မဟာမိတ် တော်လှန်ရေး တိုင်းရင်းသားလက်နက်ကိုင်များကမူ ပဋိပက္ခပိုဆိုးစေမည့် ရွေးကောက်ပွဲအဖြစ် တညီတညွတ်တည်း ပြောဆိုနေကြသည်။ ထို့ကြောင့် စစ်တပ် နိုင်ငံရေးမှ အပြီးတိုင် ဆုတ်ခွာရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ကျူးလွန်ထားသမျှ တာဝန်ခံရေး အခြေခံသဘောထားကိုသာ ကေအဲန်ယူနှင့် အတိုက်အခံ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးမဟာမိတ်အဖွဲ့က ဆိုသည်။

ပဒိုစောတောနီးက “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့‌ ဖြေရှင်းတာ ကျနော်တို့ မငြင်းဘူး။ ဒါပေမဲ့ ဒီလောက်သတ်ဖြတ်နေတဲ့အပေါ် သွားပြီးစကားပြောဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒီသုံးချက်ကို လက်ခံမယ်ဆိုရင်တော့ ကျနော်တို့ပြောမယ်။ ပြောပြီဆို လူထုကိုအကာအကွယ်ပေးမယ့် စစ်တပ်ဖြစ်ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ရမယ်” ဟု ဖြည့်စွက်ပြောသည်။

ဦးသိန်းစိန်အစိုးရနှင့် NLD အရပ်သားအစိုးရ လက်ထက်က ရေးထိုးခဲ့သော NCA စာချုပ်ပါ သဘောတူညီ ချက်များကို ၂၀၂၁ မတိုင်ခင်အထိ အ‌ကောင်အထည် မဖော်နိုင်သလို အာဏာသိမ်းခြင်းကြောင့်ပါ အခြေအနေ ပိုမိုဆိုးရွားသွားကြောင်းလည်း ‌နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ကြသည်။

ယခု NCA ဆယ်နှစ်ပြည့်ပွဲတွင် စစ်အုပ်စုနှင့်အပစ်ရပ်ထားသည့် ငြိမ်းချမ်းကောင်စီ-PC အဖွဲ့၊ ဒီမိုကရက်တစ် အကျိုးပြုကရင့်တပ်မတော်-DKBA၊ NMSP၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးပါတီ-RCSS စသည်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ရန် ပြင်ဆင်နေသည်ဟု သိရသည်။ ၎င်းအပြင် အပစ်ရပ်မထိုးထားသည့် အဖွဲ့များလည်း တက်ရောက်နိုင်ချေရှိကြောင်းလည်း ပွဲမစခင် ရက်ပိုင်းအလိုကတည်းက သတင်းထွက်နေသည်။

စစ်အုပ်စုကမူ NCA လက်မှတ်ရေးထိုးစဉ် ပါဝင်ခဲ့သည့် နိုင်ငံတကာအသိသက်သေများကိုပါ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ၎င်းထိန်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာမှ ကြေညာထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ယခင် နစက ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူထားစဉ် ဦးစီးကျင်းပခဲ့သည့် NCA (၈)နှစ်ပြည့်ပွဲကိုလည်း နေပြည်တော်၌ ခမ်းခမ်းနားနားပြုလုပ်ခဲ့ရာ အပစ်ရပ်လက်နက်ကိုင်အချို့နှင့် တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ‌သေးသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...