လွိုင်ကော်မြို့နယ်က စစ်ရှောင်စခန်း တနေရာမှာ ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ လိုအပ်နေ

လွိုင်ကော်မြို့နယ်က စစ်ရှောင်စခန်း တနေရာမှာ ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ လိုအပ်နေ

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းတနေရာကို ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ရှိနှင့်နေပြီးသား မိသားစုတွေဟာ အခက်အခဲတွေ ရှိနှင့်နေပြီး ဖြစ်သလို အခုလို စစ်ရှောင်အသစ်တွေ ထပ်မံရောက်ရှိလာတာကြောင့် ယခင်ကထက် ပိုမိုခက်ခဲလာတာ ဖြစ်တယ်လို့ စစ်ရှောင်စခန်း ကော်မတီတာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“ကျမတို့က အရင်ကတည်းက ခက်ခဲနေတာ ဟုတ်တယ်။ အခုက စစ်ရှောင်အသစ်တွေ ထပ်ရောက်လာတော့ ပိုပြီးတော့မှ ခက်ခဲလာတာပေါ့နော်။ စစ်ရှောင်အဟောင်းတွေကို လုံးဝရိက္ခာမပေးတော့ပဲနဲ့ အခုမှ အသစ်ရောက်လာတဲ့သူတွေကိုပဲ ဦးစားပေးရတဲ့ အနေအထားဖြစ်သွားတယ်။ ဆိုတော့ ပျှမ်းမျှအားဖြင့် ကျမတို့က လူလေးယောက် ရှိတဲ့အိမ်ဆို တလကို ဆန်တအိတ်ကုန်တယ်။ အခု လက်ရှိက စစ်ရှောင်အသစ်တွေကိုပဲ ပေးမယ် ဆိုရင်တောင်မှ လူဦးရေ လေးရာရှိရင် တလကို ဆန်က ပျမ်းမျှ အိပ်တရာ ကုန်တယ်ပေါ့နော်။ ဒါပေမယ့် အခုလက်ရှိမှာက သူတို့ကို ပေးစရာ ဆန်မရှိဘူး ဖြစ်နေတယ်။” လို့ စစ်ရှောင်စခန်း ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလက်ရှိ စစ်ရှောင်စခန်းရဲ့ ဂိုဒေါင်မှာတော့ ဆန်က ပြတ်လုနီးပါး ဖြစ်နေပြီး တချို့မိသားစုတွေမှာ ရေရှည်စားဝတ်နေရေး စိုးရိမ်ပူပန်မှုတွေကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလှူရှင်ရှာဖွေနေကြတာတွေရှိတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ နေထိုင်ကြတဲ့ မိသားစုတွေဟာ တရက်ကို ပုံမှန် ထမင်း (၂) နပ်ပဲ စားကြရပြီး မိသားစုများတဲ့သူတွေကတော့ အငယ်ဆုံးကလေးကိုပဲ နေ့လည်စာ ထုပ်ပေးနိုင်တာတွေ ရှိတယ်လို့ သူက အခုလို ဆက်ပြောပါတယ်။

“အိမ်ထောင်စု တော်တော်များများကတော့ ချေးငှားစားသောက်ရတဲ့ အခြေအနေမှာရှိတယ်။ ကျမတို့ စစ်ရှောင်မှာက ပုံမှန်အားဖြင့် ထမင်းကို ၂ နပ်ပဲ စားကြတာ များတယ်။ ၃ နပ် စားတာ နည်းတယ်။ တချို့ဆိုရင် ကလေးအတွက် ကျောင်းတောင်မှ ထမင်းမထုပ်ပေးနိုင်ဘူးပေါ့နော်။ အဲ့လို အခက်အခဲတွေ အများကြီးရှိတယ်။ မိသားစုများတဲ့အချိန်မှာ အငယ်ဆုံးကလေး တယောက်တည်းအတွက်ပဲ နေ့လည်စာ ထုပ်ပြီးတော့ ကျန်တဲ့အကြီးတွေက ထမင်းမထုပ်နိုင်ဘူးဆိုတဲ့ဟာတွေ အဲ့လိုအခက်အခဲတွေ အများကြီးရှိပါတယ်။” လို့ စစ်ရှောင်စခန်းကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းကို ထပ်မံရောက်ရှိလာကြတဲ့ စစ်ရှောင်မိသားစုမှာ ၁၀၀ ဝန်းကျင် ရှိပြီး၊ လူဦးရေ ၄၀၀ ရှိတယ်လို သိရပါတယ်။ အဆိုပါစစ်ရှောင်စခန်းမှာ ရှိနှင့်နေပြီးသား အိမ်ထောင်စုရဲ့ ၃ ပုံ ၁ ပုံမှာ လုပ်ကိုင်စားသောက်စရာ တောင်ယာမြေကွက်တွေ မရှိကြပဲ ခြံငှား၊ နေ့စား စတဲ့ ရရာအလုပ်တွေပဲ လုပ်ကိုင်နေကြရတာကြောင့် ချေးငှားစားသုံးရတဲ့ မိသားစုတွေ များပြားတယ်လို့ သိရပါတယ်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...