ဖားအံ တောင်ကလေးနှင့် မြို့ပြဆေးရုံများတွင် ဒဏ်ရာရ စစ်အုပ်စုတပ်သားများ ပြည့်နေ

ဖားအံ တောင်ကလေးနှင့် မြို့ပြဆေးရုံများတွင် ဒဏ်ရာရ စစ်အုပ်စုတပ်သားများ ပြည့်နေ

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အာဏာသိမ်းစစ်အုပ်စုတပ်နှင့် တော်လှန်ရေး မဟာမိတ်တပ်များ တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများကို လက်ရှိတွင် ၎င်းတို့ထိန်းချုပ်ထားသော မြို့ပြဆေးရုံများနှင့် တောင်ကလေးစစ်ဆေးရုံတို့၌ လူနာအပြည့်ဖြင့် ကုသလျက်ရှိကြောင်း ခိုင်မာသည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လမှ ယခုအောက်တိုဘာလအတွင်း ဖြစ်ပွားနေသော ကျုံဒိုးတိုက်ပွဲ၊ ဖာပွန်၊ ကမမောင်း တိုက်ပွဲနှင့် ကော့ကရိတ်ဒေသတိုက်ပွဲများမှ ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို ဖားအံမြို့ ဆေးရုံ ကြီးနှင့် တောင်ကလေး စစ်ဆေးရုံတို့တွင် ကုသပေးနေရကြောင်း စစ်အုပ်စုနှင့် နီးစပ်သည့် ဖားအံမြို့ခံ သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “စစ်တပ်က ကျုံဒိုးမှာ တော်တော်ထိတယ်၊ သေတာလည်းများတယ်။ ဖာပွန်၊ ကမမောင်းဘက်လည်း လူနာတွေ ပို့လာတယ်။ ကော့ကရိတ်ဘက်၊ အာရှလမ်းဘက်က လူနာတွေလည်း ကျုံဒိုးကနေ တောင်ကလေး ပို့လာတာမျိုး တွေ့တယ်။ ခွဲစိတ်ရတာများတော့ ဖားအံဆေးရုံရော၊ တောင်ကလေး ဆေးရုံရော မနားရဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဆေးရုံများမှ ဒဏ်ရာရ စစ်သားများ၊ အရာရှိများအား စစ်တပ်ထောက်ခံသူ ဖားအံမြို့ခံများနှင့် မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်နှင့် အဖွဲ့များက ယမန်နေ့ အောက်တိုဘာ ၉ ရက်တွင် တောင်ကလေး ဆေးရုံသို့ လာရောက်တွေ့ဆုံကာ အားပေးစကားပြောဆိုမှုလုပ်ဆောင်ခဲ့သေး ကြောင်းလည်း အဆိုပါ သတင်းအရင်းအမြစ်က ပြောသည်။

၎င်းအပြင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ လေးကေ့ကော်ဒေသတွင် ဖြစ်ပွားနေသည့် တစ်လတာ နှစ်ဖက်တိုက်ပွဲဖြစ်စဉ်တွင်လည်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅၀ ဝန်းကျင် သေဆုံးမှုရှိခဲ့သည်။ ထိုတိုက်ပွဲမှ ဒဏ်ရာရ စစ်သားများကိုလည်း မြဝတီဆေးရုံကြီးနှင့် BGF တပ်ဖွဲ့ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ် ဆေးရုံများတွင် ပို့ဆောင်ကုသပေးနေရကြောင်း ကေအိုင်စီ၏ သတင်းအရင်းအမြစ်များက ပြောသည်။

“လေးကေကော်ဘက် တိုက်တော့ စစ်တပ်က စက်တင်ဘာ ၂၁ ရက်ကနေ ၂၅ ရက်ထဲမှာ စစ်ကြောင်း ပျက်တပ်လှန်သွားတယ်။ BGF လည်း ထိခိုက်ဒဏ်ရာ ရတာမျိုးလည်းရှိတယ်။ မြဝတီဆေးရုံ တင်မကဘူး၊ ရွှေကုက္ကိုလ်ဆေးရုံလည်း ပို့ကုရတယ်။ အဲဒီက မနိုင်တဲ့ BGF ဒဏ်ရာရ အရေးပေါ် လူနာတချို့ကို မဲဆောက် ဆေးရုံကြီး ပို့ရတာလည်းရှိတယ်” ဟု ၎င်း သတင်းအရင်းအမြစ်က ပြောသည်။

စစ်အုပ်စုသည် ကရင်ပြည်နယ်အတွင်း ၎င်းတို့ လက်လွတ်ဆုံးရှုံးထားသော နေရာများကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ဖားအံ တပ်မ ၂၂၊ မော်လမြိုင် စစ်တိုင်း (ရတခ) လက်အောက်ခံ တပ်မ ၄၄၊ ကမ်းရိုးတန်းတိုင်း လက်အောက်ခံ တပ်ရင်းများနှင့် ရှမ်းပြည်အခြေစိုက် တပ်မ ၅၅ တပ်ရင်းများမှ ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

ထိုသို့ ပြန်လည်တိုက်ခိုက်ရာတွင် ဒေသအခြေစိုက် BGF တပ်ဖွဲ့ အကူအညီရယူကာ နေ့စဉ် စစ်ကူခဲယမ်း ပို့ဆောင်မှုရှိနေသလို ထိခိုက်ဒဏ်ရာရ လူနာများအား နီးစပ်ရာ ဆေးရုံ ပို့ဆောင်ပေးမှု ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...