ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ပင်လယ်ပြင်တွင် အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးနေဗီ ခုနစ်စီးခန့် ရောက်ရှိနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ခပ်စိပ်စိပ်ပြုလုပ်လာကြောင်း သတင်းရရှိသည်။
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် သံတွဲမြို့ရှိ နံ့သာကျွန်း ပင်လယ်ကမ်းဝေးတွင် ယခုလအတွင်း တိုက်ခိုက်ရေး ရေယာဉ် ခုနစ်စီးခန့် ရောက်ရှိနေပြီး လက်နက်ကြီးပစ်ခတ်မှု ခပ်စိပ်စိပ်ပြုလုပ်နေကာ လက်နက်ကျည်တချို့လည်း ကျရောက်မှုရှိနေသည်ဟု သံတွဲဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“အရင်က တစ်စီးက အမြဲရှိတယ်။ နောက်တစ်စီးက ကင်းလှည့်တယ်။ ပုံမှန် အမြဲတမ်း နှစ်စီးရှိတယ်။ ဒီအောက်တိုဘာလအစကနေ အခုရက်ပိုင်းအထိ ကင်းလှည့်နေဗီ တစ်စီးနဲ့ဆိုရင် စုစုပေါင်း နေဗီ ခုနစ်စီးလောက်ရှိတယ်။ သံတွဲမြို့၊ ငပလီဖက်တို့ကို လက်နက်ကြီးကျည်တွေ ဆက်တိုက်ပစ်ခတ်တာတွေ လုပ်နေတယ်။ အခုရက်ပိုင်းအတွင်းမှာပါ" ဟု ပြောသည်။
အကြမ်းဖက်စစ်တပ်၏ နေဗီမှပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့မှာ ဆင်ခေါင်းရွာအနီးဝန်းကျင်၊ ငပလီကမ်း ခြေ ပတ်ဝန်းကျင်၊ ပဒဲကောကျေးရွာပတ်ဝန်းကျင်၊ မောင်ရွှေလေးရေတပ်စခန်း ပတ်ဝန်းကျင်ဖက်တို့တွင် ရံဖန်ရံခါ ကျရောက်မှုရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ပဒဲကောရွာဖက်တွေကို ပိုပစ်တယ်။ ငပလီ၊ ဆင်ခေါင်း၊ သံတွဲမြို့ဝန်းကျင်တွေ၊ နီးစပ်ရာတွေ အကုန်လှမ်းပစ်လို့ လက်နက်ကြီးကျည်တချို့ကျတာတွေရှိတယ်" ဟု ပြောသည်။
အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးနေဗီများရောက်ရှိပြီး လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်နေသဖြင့် ကမ်းနီးငါးဖမ်းပင်မထွက်ရဲဘဲ ထပ်မံစစ်ဘေးရှောင်နေကြရသည်ဟု ငပလီဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ကမ်းဝေးမပြောနဲ့။ ကမ်းနီးမှာတောင် ငါးဖမ်းမထွက်ရဲတော့ဘူး။ နေဗီတွေ အရင်ကထက်များလာတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်လို့ ထပ်ပြီးတိမ်းရှောင်နေရတယ်။ AA က ခွင့်ပြုလို့ ငါးဖမ်းထွက်ခွင့်ရတာ ရှိတယ်။ အခု စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ငါးဖမ်းမထွက်ရဲဘူး" ဟု ပြောသည်။
သံတွဲ၊ ဂွ၊ ငပလီဒေသခံများ ယခင်ကထက် စိုးရိမ်စိတ်များ ပြားနေပြီး အလုပ်အကိုင်ရှားပါးသည့်အပြင် စားဝတ်နေရေးလည်း အလွန်ကျပ်တည်းခက်ခဲနေကြကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်မှ ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် အမ်းတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန်သတင်းထွက်ပေါ်နေသည့်အတွက် အဆိုပါမြို့များအား ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာနိုင်သည်ဟု စစ်ရေးသိရှိသူများက ခန့်မှန်းပြောဆိုနေကြသည်။
သံတွဲမြို့ပေါ်ကို စက်တင်ဘာလ ၂၆ ရက်၊ ညက အကြမ်းဖက်လေတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် အရပ်သား ငါးဦး ဒဏ်ရာရရှိသွားခဲ့သည်။
စက်တင်ဘာ ၂၈ ရက်နေ့ ည ၁၁ နာရီကျော်ခန့်ကလည်း သံတွဲမြို့မှ သုံးမိုင်ခန့်အကွာ သံတွဲ-ဂွလမ်းအနီးရှိ ပဒဲကောရွာ၏အနောက်တောင်ကြောကို အကြမ်းဖက်လေတပ်က ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးနှစ်ကြိမ် ထပ်မံကြဲခဲ့သလို မြို့အနီးအနားကိုလည်း ဂျက်လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ပါ ပစ်ခတ်ပြီး ရေတပ်ကလည်း လက်နက်ကြီးခြောက်လုံးခန့်ပစ်ခတ်ခဲ့သဖြင့် နေအိမ်တချို့ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
သံတွဲမြို့ကို အကြမ်းဖက်စစ်တပ်က ကင်းထောက်ဒရုန်းဖြင့် မကြာခဏကင်းထောက်နေ၍ ထပ်မံ တိုက်ခိုက်လာနိုင်သဖြင့် ဒေသခံများ ဘေးလွတ်ရာကို ရှောင်တိမ်းကြရန်လည်း AA က သတိပေးထားကြောင်း သိရသည်။







