ကရင်နီ(ကယား)ပြည်နယ်ရှိ စစ်ရှောင်စခန်းများအနီးတွင် ယခုတလော တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသောကြောင့် စစ်ဘေးရှောင်အရပ်သားပြည်သူများမှာ မကြာခဏ နေရာရွှေ့ပြောင်းနေရသည့် အခြေ အနေများနှင့် ရင်ဆိုင်နေရကြောင်း ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီ – IEC က ပြောသည်။
မိုးဗြဲမြို့တွင် တပ်စွဲထားသော စစ်အုပ်စုတပ်များသည် စက်တော်ရာ၊ လွယ်ယင်း စသည့် ကျေးရွာများ ဘက်သို့ ရံဖန်ရံခါ စစ်ကြောင်းထိုးလာ၍ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားသောကြောင့် ဒေသခံစစ်ဘေးရှောင်များမှာ မကြာခဏ နေရာရွှေ့ပြောင်းကာ စစ်ဘေးတိမ်းရှောင် နေကြရကြောင်း IEC အတွင်းရေးမှူး – ၂ ဗညားခွန်အောင်က ပြောသည်။
“အခုနောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲတွေက ကျေးရွာတွေနဲ့နီးတယ်။ ပြီးတော့ စစ်ဘေးရှောင်စခန်းတွေနဲ့ ပိုပြီး နီးကပ်လာတော့ တိုက်ပွဲဖြစ်တဲ့အပေါ် မူတည်ပြီး မကြာခဏ နေရာရွှေ့ပြောင်းရတယ်။ ကျနော်တို့ အနေနဲ့လည်း နေရာထိုင်ခင်းတွေကို ဆက်တိုက်စီစဉ်ပေးနေရဆဲဖြစ်တယ်။ စစ်ရေးပြင်း ထန်လာတဲ့အတွက်ကြောင့်လည်း တချို့နေရာတွေကို စွန့်လွှတ်လိုက်ရတာမျိုးတွေလည်း ရှိပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့တွင်လည်း လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း လွိုင်လင် လေးမြို့ အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ – ၅၃၀) တပ်မှ လက်နက်ကြီးမှုကြောင့် ကျေးရွာတစ်ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သည်။ ထိုလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုတွင် အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦးအား ထိမှန်ခဲ့ပြီး၊ ကလေးတစ်ဦးမှာ ပခုံးထိမှန်ဒဏ်ရာ ရရှိကာ ကျန်တစ်ဦးမှာ လက်တစ်ဖက်ပြတ် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
၎င်းအပြင် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်နှင့် တနန်းဥကွိင်ကျေးရွာတို့တွင် စစ်အုပ်စုတပ်များ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားနေသည့်အပြင် စစ်အုပ်စုတပ်မှ ဒရုန်းဖြင့် တိုက် ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေကြောင်း KNDF က ပြောသည်။
ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း အရာရှိ တစ်ဦးအပါအဝင် စစ်သားအများအပြား သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDF) ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ အောက်တိုဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့ကြောင့် အဆိုပါ မြို့နယ် သုံးခုတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ပြည်သူများအနေဖြင့် လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်း တိုက်ခိုက်မှုအန္တရာယ်များကို သတိရှိကြရန်နှင့် တိုက်ပွဲဖြစ်ပွား နေသော ဒေသများသို့ မလိုအပ်ပါက ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်လည်း KNDF ဗဟိုက တိုက်တွန်းထားသည်။







