မြန်မာနိုင်ငံရဲ့ လူဦးရေသုံးပုံတစ်ပုံဖြစ်တဲ့ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အရွယ် လူငယ်တွေဟာ ပညာရေးနဲ့ အလုပ်အကိုင်အတွက် မကြုံစဖူးတဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်နေရတယ်လို့ ကုလ သမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အစီအရင်ခံစာက ဖော်ပြပါတယ်။
အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အနာဂတ် ရပ်တန့်ခံ မျိုးဆက်သစ်ဆိုတဲ့ အစီအရင်ခံစာမှာ မြန်မာလူငယ် သဘောထားစာတမ်း ၂၀၂၄ ကနေ ရရှိခဲ့တဲ့ အချက်အလက်တွေအပြင် တွေ့ဆုံမေးမြန်းမှုတွေနဲ့ အုပ်စုဖွဲ့ဆွေးနွေးမှုတွေအပေါ် အခြေခံထားတာပါ။
အစီရင်ခံစာအရ အသက် ၁၈-၂၄ နှစ်ကြား လူငယ်လေးဦးမှာ သုံးဦး တနည်းအားဖြင့် လူငယ် ငါးသန်းကျော်ဟာ ပညာရေး ဒါမှမဟုတ် သင်တန်းတစ်ခုခုမှာ တက်ရောက်နေခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။
အထူးသဖြင့် ကျေးလက်နေ လူငယ်တွေဟာ အတားအဆီးအမျိုးမျိုးကို ပိုမိုရင်ဆိုင်နေရပြီး တနင်္သာရီ၊ ချင်း၊ ကရင်နဲ့ စစ်ကိုင်းတို့မှာ ကျောင်းထွက်နှုန်းအမြင့်ဆုံး ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။
အကြောင်းအရင်းကတော့ အဲဒီဒေသတွေမှာ စီးပွားရေးဆိုင်ရာလိုအပ်ချက်တွေ ရှိနေတာ လုံခြုံမှု မရှိတာနဲ့ ပညာရေးကို လက်လှမ်းမမီစေတဲ့ အတားအဆီးတွေဟာ လူငယ်တွေကို ကျောင်းကနေ နှုတ်ထွက်ဖို့ တွန်းအားပေးနေတာပါ။
ဒါ့အပြင် စစ်တမ်းကို ဖြေဆိုသူ အမျိုးသမီး လေးပုံတစ်ပုံနီးပါးဟာ အိမ်တွင်းတာဝန်တွေ လုပ်ဆောင်ရတာဟာ ပညာရေးကနေ ထွက်ခွာရတဲ့ အကြောင်းအရင်းလို့ ဆိုပါတယ်။ အမျိုးသားတွေမှာတော့ အဲဒီအခြေအနေမျိုး ငါးရာခိုင်နှုန်း ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
တစ်ဘက်မှာလည်း လူငယ်လေးပုံတစ်ပုံဟာ အလုပ်လက်မဲ့ဖြစ်နေပြီး ကယားနဲ့ ရခိုင်လိုမျိုး ပဋိပက္ခဒေသတွေမှာ အလုပ်လက်မဲ့နှုန်း ပိုများနေတာပါ။ အမျိုးသမီးတွေလည်း အလုပ်အကိုင်ဈေးကွက်ကနေ မမျှမတ ဖယ်ကျဉ်ခံနေရပြီး သုံးပုံတစ်ပုံမှာ အလုပ်လက်မဲ့ဖြစ်ကာ အမျိုးသားတွေရဲ့ နှုန်းထက် နှစ်ဆကျော် ပိုများနေတာ ဖြစ်ပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှု စီးပွားရေးကျဆင်းမှုနဲ့ လူမှုရေးပြဿနာကြားမှာ လူငယ်တွေရဲ့ သင်ယူမှုနဲ့ အလုပ်အကိုင်ရရှိမှု လမ်းကြောင်းတွေ ဆိုးရွာစွာ ယိုင်နဲ့လာနေပြီး အဲဒီအခြေအနေဟာ လူငယ်များစွာကို ပြည်ပသို့ ရွေ့ပြောင်းဖို့ တွန်းပို့နေတာလို့ UNDP က ဆိုပါတယ်။
ဒါ့အပြင် စီးပွားရေးဆိုင်ရာ လိုအပ်ချက်တွေ ပဋိပက္ခတွေနဲ့ လူမှုရေးဆိုင်ရာ စံနှုန်းတွေဟာ ပညာရေးရဲ့ အလားအလာကို ဖျက်ဆီးနေတာလို့ ထောက်ပြထားတာပါ။ အခုလို အသွင်ကူးပြောင်းမှုတွေ ရပ်တန့်နေတဲ့ အခြေအနေဟာ အခွင့်အလမ်းတွေကို တစ်စတစ်စ တိုက်စားနေပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို နောက်ပြန်ဆွဲမယ့် အန္တရာယ်လည်း ရှိနေတယ်လို့ ဆိုပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက အာဏာသိမ်းမှုအလွန် နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေကြောင့် ကရင်နီဒေသမှာ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုတ်ယုတ်သွားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။၏
“၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ရေးနိုင်ငံရေးကြောင့် ကျွန်တော်တို့ နယ်မြေ စစ်ပွဲတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ပျက်စီးသွားတယ်။မြို့နေ လူထုတွေ မရှိသလောက်ဖြစ်ပွားတာပေါ့။ စစ်ရှောင်တွေ အများစုဖြစ်သွားတယ်။ တောထဲတောင်ထဲမှာ ရွာတွေမှာပဲ နေရတဲ့အတွက်ကြောင့်မို့ လူငယ်တွေအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းရော အလုပ်အကိုင်အခွင့်အလမ်းရော တော်တော်လေးကို ဆုတ်ယုတ်သွားတာပေါ့။တော်တော့်ကို ဆိုးဆိုးဝါးဝါး ဆုတ်ယုတ်သွားတယ်။ အဲဒါက အဓိက နိုင်ငံရေးနဲ့ စစ်ရေးကြောင့်ဆိုတာ လုံးဝ မှန်ပါတယ်”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးစကာလမှာပဲ ရွေးကောက်ပွဲမဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူမှုကြောင့် နိုင်ငံတဝန်း ဘက်ပေါင်းစုံ အကျပ်အတည်းဆိုက်နေတာပါ။
UNDP ကတော့ စိန်ခေါ်မှုတွေကြားကပင် စစ်တမ်းအရ လူငယ်တွေ အထူးသဖြင့် ကျေးလက်ဒေသမှာ နေထိုင်သူနဲ့ အတန်းပညာနည်းပါးသူတွေကြား စွန့်ဦးတီထွင်လိုစိတ်ဟာ အားကောင်းနေသေးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
လူငယ်အများအပြားဟာ လိုအပ်ချက်ကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအဖြစ် ရပ်တည်လာကြရပြီး စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းမှာ အပြည့်အဝပါဝင်မှုကို ပိတ်ပင်နေတဲ့ အတားအဆီးတွေကိုလည်း ဖယ်ရှားဖို့ လိုအပ်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။







