ကရင်နီ တော်လှန်ရေးတပ်များ ပေါင်းစည်းရန် KNDF ဒု-ဦးစီးချုပ် မာဝီ တိုက်တွန်း

ကရင်နီ တော်လှန်ရေးတပ်များ ပေါင်းစည်းရန် KNDF ဒု-ဦးစီးချုပ် မာဝီ တိုက်တွန်း
Photo credit - Karenni Community Chiangmai Thailand
Photo credit - Karenni Community Chiangmai Thailand

ကရင်နီပြည်တွင်းက တော်လှန်ရေးတပ်များ အားလုံး ပေါင်းစည်းပြီး ညီညွတ်သော ကရင်နီပြည်တပ်မတော် (United Karenni State Army) ကို ဖွဲ့စည်းနိုင်ရေး အရေးကြီးသည်ဟု (KNDF) ဒု-စစ်ဦးစီးချုပ် မာဝီက တိုက်တွန်းပြောဆိုသည်။

စစ်ကော်မရှင်တပ်ကို အနိုင်တိုက်ရန်အတွက် ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ အပါအဝင် တပ်အားလုံးပေါင်းစည်းနိုင်ရေး ပြည်သူလူထုပါ ပူးပေါင်းပါဝင်ရန် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒု-စစ်ဦးစီးချုပ် မာဝီ တိုက်တွန်းလိုက်သည်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒု-စစ်ဦးစီးချုပ် မာဝီက “ကျနော်တို့ ပြည်နယ်စစ်ကောင်စီကို အနိုင်ရဖို့က နံပါတ်တစ် စည်းလုံးရမယ်။ နံပါတ်နှစ် ရှိတဲ့အရင်းအမြစ်တွေကို ပုံအောပြီးသုံးမှနိုင်မှာ ဖြစ်ပါတယ်။ တစ်လ တစ်လ အခွန်ငွေ ဘဏ္ဍာငွေရရှိမှု ကရင်နီပြည်နယ်မှာ သိန်း ၇ သောင်းလောက်ရှိတယ်။ သိန်း ၄ သောင်းလောက်က ကာကွယ်ရေးဘက်မှာ အသုံးပြုတာ ဖြစ်ပါတယ်။ သိန်း ၄ သောင်းဆိုတဲ့ ပိုက်ဆံအရေ အတွက်ဟာ ဥပမာ AK ကျည် ၄ သိန်း ဝယ်လို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့က အဲ့ဒီငွေတွေကို တစ်စုတစ်စည်းတည်း အသုံးမပြုဘဲနဲ့ KA က ဘယ်နှစ်ရာခိုင်နှုန်း၊ ကလလတက ဘယ်နှစ်ရာခိုင်နှုန်း၊ KNDF က ဘယ်နှစ်ရာခိုင် နှုန်းဆိုပြီး ခွဲဝေပြီးတော့မှ ကိုယ့်ရဲ့တပ်ဖွဲ့အရေးကို အသုံးပြုလိုက်တဲ့အခါမှာ ငွေတွေ ခေါင်းကွဲပြီးတော့မှ ဘယ်တပ်ရင်းမှ မသိမ်းနိုင်ဘဲ ဖြစ်ရပါတယ်” ဟု ပြောသည်။

စစ်ကော်မရှင်ကို တိုက်ထုတ်နိုင်ရန်အတွက် ရှိနေသည့် အရင်းအမြစ်အားလုံးကိုလည်း တစ်နေရာတည်းစုပေါင်း အသုံးပြုနိုင်ဖို့ ပြည်နယ်တစ်ခုလုံး၌ တပ်တစ်ခုတည်းဖြစ်ရေး ကရင်နီလူထုအနေဖြင့်လည်း ဝိုင်းဝန်းပေးရန် တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် ကယားရိုးရာ အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲ၌ ဒု-စစ်ဦးစီးချုပ် မာဝီက မိန့်ခွန်းထဲထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကရင်နီပြည်တွင်းက တပ်များအားလုံးကို စုစည်းပြီး ညီညွတ်သော ကရင်နီပြည် တပ်မတော် (United Karenni State Army) ကို ဖွဲ့စည်းနိုင်ဖို့ ဆက်လက် ကြိုးစား လုပ်ဆောင်နေသည်ဟု ဒု-စစ်ဦးစီးချုပ် မာဝီက ပြောသည်။

“ကရင်နီပြည်မှာ တပ်ပေါင်းစုံရှိတယ်။ KA၊ ကလလတ၊ ကယောနီ၊ ကြယ်ဖြူ အားလုံးရှိ တယ်။ ကျနော်တို့ ပြည်နယ်တစ်ခုလုံးမှာ တပ်တစ်ခုတည်းဖြစ်ရေး ကျနော်တို့မကြာခင်မှာ စပါတော့မယ်။ အဲ့ဒါက United Karenni State Army ဖြစ်ပါတယ်။ ကျနော်တို့ပြည်နယ်မှာရှိတဲ့ တပ်တွေ အားလုံးကို ပေါင်းစည်းပြီးတော့ တစ်သွေးတစ်သံတစ်မိန့်နဲ့ စစ်မိစ္ဆာတွေကို ကျနော်တို့ တွန်းလှန်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် အခက်အခဲတွေ အများကြီး ကျော်ဖြတ်ရအုံးမှာပါ။”

လက်ရှိ မြေပြင် စစ်ရေးအခြေအနေမှာ ဒီးမော့ဆိုမှ ဖရူဆိုလမ်းမကြီး တစ်လျှောက် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည့်အပြင် စစ်ယာဉ်တန်းကလည်း ဖရူဆိုမြို့နှင့် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေး ကျောင်းကို ရောက်လာပြီဖြစ်၍ တိုက်ပွဲများက ပိုပြင်းထန်လာတော့မည်ဟု ဆိုသည်။

တစ်လေးလုံးစစ်ဆင်ရေး မစခင်က အခြေအနေမျိုး ပြန်ရောက်နေပြီဟု ဆိုသည်။ ထို့ကြောင့် ကရင်နီပြည် ပြင်ပကို ရောက်နေကြသည့် လူငယ်များကိုလည်း စစ်ကော်မရှင်တပ်ကို အတူတကွ တိုက်ခိုက်ပြီး အောင်ပွဲ အတူခံဖို့ ဒု-စစ် ဦးစီးချုပ်မာဝီက ဖိတ်ခေါ်ထားသည်။

“အခုချိန်မှာ ကျနော်တို့ ဒေသမှာ အခက်အခဲ အများကြီး ကြုံနေတယ်။ ဒီဟာတွေကို မမေ့ဖို့၊ New Normal မဖြစ်သွားဖို့ အမြဲတမ်း ကျနော်တို့ရဲ့ ရင်ဘတ်ထဲမှာ ခေါင်းထဲမှာ တော်လှန်ရေးစိတ်ဓာတ်ရှိပြီးတော့မှ ဒီခရီးကို သွားနိုင်ဖို့ ကျနော်အနေနဲ့ တိုက် တွန်းလိုပါတယ်။ ဒီဘက်မှာ ရောက်နေပြီးတော့မှ New normal မဖြစ်သွား ခိုင်းစေချင်ဘူး။ New normal ဆိုတာ ကိုယ့်ရဲ့ အိမ်မှာ ဘယ်လောက်ပဲ ဗုံးကြဲနေ ဒီမှာဗုံးမကြဲတော့ ဒီမှာ အေးဆေး နေထိုင်တတ်သွားတာမျိုးကို ပြောတာဖြစ်တယ်။”

ဩဂုတ်လမှ စတင်၍ စစ်တပ်က ဒီးမော့ဆိုမြို့နယ်ထဲ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာခဲ့ပြီး ဒီးမော့ဆို - ဖရူဆို - ဘောလခဲ လမ်းမကြီးတစ်လျှောက်ကို စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ထိုစစ်ကော်မရှင်တပ် စစ်ကြောင်းနှင့် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည် ဟု KNDF က စက်တင်ဘာလ ၂၈ ရက်နေ့၌ ထုတ်ပြန်ထားသည်။

အလားတူ ကရင်နီ - ရှမ်းတောင် နယ်စပ်က မိုးဗြဲမြို့တွင်လည်း စစ်တပ်က စစ်ရေးလှုပ်ရှားနေပြီး မိုးဗြဲမြို့နှင့် မြို့ နားတဝိုက်က ကျေးရွာများရှိ ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများ ကျူးလွန်လျှက်ရှိသည်။

ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင်လည်း ပအိုဝ်းပြည်သူစစ်ဖွဲ့ PNA နှင့် စစ်ကော်မရှင်တပ် ပူးပေါင်း စစ်ကြောင်းက စစ်ရေးလှုပ်ရှားနေပြီး လက်လွှတ်ထားရသည့် မြို့ရွာတွေကို ပြန်ရယူနိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်လျှက် ရှိသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...