ရခိုင်တွင် ကိုးလအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ၁၇ ဦးသေ၊ ၇၂ ဦးဒဏ်ရာရ

ရခိုင်တွင် ကိုးလအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ၁၇ ဦးသေ၊ ၇၂ ဦးဒဏ်ရာရ

ရခိုင်ပြည်တွင် ကိုးလအတွင်း မိုင်းနှင့်စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများပေါက်ကွဲမှုကြောင့် ၁၇ ဦးသေဆုံးပြီး ၇၂ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် သေဆုံးသူ နှစ်ဦးနှင့် ဒဏ်ရာရသူ နှစ်ဦး၊ ဖေဖော်ဝါရီလတွင် သေဆုံးသူ ရှစ်ဦးနှင့် ဒဏ်ရာရသူ ၁၉ ဦး၊ မတ်လတွင် သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရသူ ၂ဝ ဦး၊ ဧပြီလတွင် သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရသူ ၁၂ ဦး၊ မေလတွင် သေဆုံးသူ နှစ်ဦးနှင့် ဒဏ်ရာရသူ ၁ဝ ဦး၊ ဇွန်လတွင် သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရသူ သုံးဦး၊ ဇူလိုင်လတွင် ဒဏ်ရာရသူ တစ်ဦး(သေဆုံးသူ မရှိ)၊ သြဂုတ်လတွင် သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရသူ လေးဦး၊ စက်တင်ဘာလတွင် ဒဏ်ရာရသူ တစ်ဦး(သေဆုံးသူ မရှိ)တို့ရှိခဲ့ကြောင်း နိရဉ္စရာ၏ မှတ်တမ်းအရ သိရသည်။

အဆိုပါမှတ်တမ်းအရ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း မိုင်းနှင့် စစ်ကျန် လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရရှိသူ ၇၂ ဦးအထိ ရှိခဲ့ခြင်းဖြစ်သည်။

ထိခိုက်၊ သေဆုံးသူများတွင် ကလေးငယ်များ၊ ဆယ်ကျော်သက်လူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်။

ယခုဖြစ်စဉ်များသည် ရခိုင်ပြည်အတွင်း မောင်တော၊ ဂွ၊ မြောက်ဦး၊ တောင်ကုတ်၊ အမ်း၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ သံတွဲ၊ မြေပုံနှင့် ကျောက်ဖြူစသည့်မြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နိရဉ္စရာ၏ မှတ်တမ်းအရ ဇွန်လမှ စတင်ကာ စက်တင်ဘာလအထိ သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့သည် သိသိသာသာလျော့ကျလာနေသည်ကို တွေ့ရသည်။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့/ရွာ/ရပ်ကွက်များတွင် လူမှုအဖွဲ့အစည်းအချို့က မိုင်းအန္တရာယ်အသိပညာပေးမှုဟောပြောမှုများနှင့် AA ၏ မိုင်းရှင်းလင်းရေး လုပ်ငန်းများကြောင့် ပေါက်ကွဲထိခိုက်မှုလျော့ကျလာခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။

လူထုဘေးဒဏ်ခံနိုင်စွမ်းတိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့မှ ဦးဇော်ဇော်ထွန်းက “အမှန်တကယ်လျော့ကျတာလည်း ဖြစ်ကောင်းဖြစ်ပါမယ်။ မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီးတော့ အသိပညာပေးတာတွေ၊ အာရက္ခတပ်တော်ဘက်က နေပြီးတော့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကြောင့်လည်း အမှန်တကယ်လျော့ကျတာလည်း ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

သို့သော် ရခိုင်ပြည်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်စဉ်များရှိနေနိုင်သော်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်နေ၍ သတင်းအတိအကျမရနိုင်သည့်အတွက် မသိနိုင်သည့် ဖြစ်စဉ်များလည်း ရှိနေနိုင်သည်ဟု ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။

“ထိခိုက်မှုတွေ၊ သေဆုံးမှုတွေရှိရင်လည်း ဆက်သွယ်ရေးအခက်အခဲအရ သတင်းမရနိုင်တဲ့ကိစ္စတွေလည်း ရှိတယ်ပေါ့လေ။ ကျနော်တို့ကတော့ ဒီအခြေအနေတွေကို တိတိကျကျမသိနိုင်တော့ တပ်အပ်ပြောဖို့ ခက်ပါတယ်”ဟု ပြောသည်။

ရခိုင်တွင် မိုင်းအန္တရာယ်များကို စိုးရိမ်နေရဆဲဖြစ်သည့်အတွက် ဒေသခံအများအနေဖြင့် တောင်ယာ လုပ်ကိုင်ခြင်းများကိုလည်း ပုံမှန်အတိုင်းလုပ်ကိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း ၁၄ မြို့နယ်အပါအဝင် ပလက်ဝမြို့နယ်ကိုလည်း AA က သိမ်းပိုက်ထားပြီး အဆိုပါမြို့နယ် ၁၅ ခုတွင် မိုင်းရှင်းလင်းရေးများကိုလည်း AA က တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...