မြို့နယ် သုံးခုမှာ လုံခြုံရေးကိစ္စ ဆောင်ရွက်နေပြီး လူထုအနေနဲ့ လိုက်နာကြဖို့ မြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ အသိပေး

မြို့နယ် သုံးခုမှာ လုံခြုံရေးကိစ္စ ဆောင်ရွက်နေပြီး လူထုအနေနဲ့ လိုက်နာကြဖို့ မြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ အသိပေး

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မသမာသူတွေ ဝင်ရောက်လာမှုကို တားဆီးတဲ့အနေနဲ့ လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်လျက်ရှိနေပြီး အရေးပေါ်ကိစ္စမှအပ သတ်မှတ်ထားတဲ့အချိန်အတွင်း ဖြတ်သန်းသွားလာမှုတွေ မပြုလုပ်ကြဖို့ ဒီကနေ့ စက်တင်ဘာလ (၂၆) ရက်နေ့မှာ မြို့နယ် ၃ မြို့က ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက ပူးတွဲထုတ်ပြန်ထားပါတယ်။

နန်းမယ်ခုံ၊ လွိုင်နန်းဖနဲ့ ဒီးဘောင်းခူ စတဲ့ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလို အသိပေး ထုတ်ပြန်လာတာပါ။

လက်ရှိ စစ်ရေးအခြေအနေ ပြင်းထန်လာမှုကြောင့်နဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မသာမာသူအုပ်စုဖြစ်တဲ့ စစ်ကော်မရှင်တပ်၊ ဒလန်၊ ခိုးဆိုးလုနိုက်သူတွေကနေ ပြည်သူလူထုရဲ့ အိုးအိမ်လုံခြုံရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိခိုက်အောင် လုပ်ဆောင်လာမှုတွေကြောင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။

“အဓိကတော့ ပြည်သူ့ လုံခြုံရေးပေါ့နော်။ အခုက စစ်ကော်မရှင်တပ်ကနေ အတုအယောင် ရွေးကောက်ပွဲတွေ စလုပ်နေပြီလေနော်။ ရွေးကောက်ပွဲ နီးလာတာမို့လို့ သူတို့ဘက်ကနေ မသမာသူ တနည်းအားဖြင့် ဒလန်တွေ ၊ သူလျှိုတွေ လွှတ်လာပြီးတော့မှ ဒီဘက်ကို တည်ငြိမ်နေတဲ့ အနေအထားတွေ အေးချမ်းသာယာမှုကို ပျက်ပြားစေတဲ့ သူတွေ ဝင်လာမှာစိုးလို့ ပြည်သူလုံခြုံရေးပေါ့နော်။ အထူးသဖြင့် ဒီလူတွေ ဝင်ရောက်လာပြီး ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေကို အနှောင့်အယှက် လာပြုမှာစိုးလို့ နောက်ပြီးတော့ ရပ်ရွာအေးချမ်းသာယာမှုကိုလည်း အနှောင့်အယှက်ပြုမှာစိုးလို့ အဓိက ရည်ရွယ်တယ်” လို့ နန်းမယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

စစ်ရေးအရ သွားလာလှုပ်ရှားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အရေးပေါ် လိုအပ်ချက်အရ သွားလာသူတွေကလွဲလို့ မည်သူမဆို ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အဆိုပါ မြို့နယ် ၃ ခုမှာ သွားလာခြင်းမပြုလုပ်ကြဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မဖြစ်မနေ သွားလာဖို့ လိုအပ်လာပါက သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့တွေ ၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ တွေရဲ့ စစ်ဆေးမေးမြန်း ဆောင်ရွက်မှုကို ကြည်ဖြူစွာ လက်ခံကြဖို့ အုပ်ချုပ်ရေးကော်မတီက အသိပေးထားပါတယ်။ အများပြည်သူလုံခြုံရေးအတွက် ထုတ်ပြန်ရခြင်းဖြစ်ပြီး လူထုအနေနဲ့ လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း ပြောဆိုထားပါတယ်။

Most read this week

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...