မော်လမြိုင်မှာ တောင်းရမ်းစားသောက်သူတွေ ပိုများလာ

မော်လမြိုင်မှာ တောင်းရမ်းစားသောက်သူတွေ ပိုများလာ
photo credit - social media
photo credit - social media

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်တပ်အာဏာသိမ်းတဲ့ ငါးနှစ်နီးပါးကာလအတွင်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းရမ်း စားသောက်သူတွေ အရင်ကထက် ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တောင်းရမ်းစားသောက်သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အများဆုံးပါဝင်ပြီး အသက်ကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေပါ တောင်းရမ်း စားသောက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။

တောင်းရမ်းစားသောက်သူအများစုဟာ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာ တောင်းရမ်းတာ၊ ဈေးတွေအတွင်း ဝင်ရောက် တောင်းရမ်းတာ၊ လူသွားလူလာများတဲ့ နေရာတွေမှာ တောင်းရမ်းတာအပြင် ရပ်ကွက်နဲ့ ကျေးရွာအတွင်းထိ ဝင်ရောက် တောင်းရမ်းမှုတွေ ရှိလာတာပါ။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ တောင်းရမ်း စားသောက်သူတွေဟာ အရင်ကထက် ပိုများလာပြီး တစ်ခါမှ မတွေ့ဖူးတဲ့သူတွေ မထင်မှတ်တဲ့သူတွေပါ တောင်းရမ်းစားသောက်မှုတွေ ရှိလာတယ်လို့ ပြောပါတယ်။

“တောင်းရမ်းစားသောက်မှုက ပိုများသထက်ကို များလာတယ်။ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးတဲ့လူ မထင်မှတ်တဲ့ လူတွေလည်း သူ့နည်းသူ့ဟန်နဲ့ တိတ်တဆိတ်ပေါ့နော်။ အရှက်တရားလည်း မထားနိုင်တော့သလို လူရည်သန့် ပုံစံကနေ တောင်းစားတာတွေလည်း တွေ့လာရတာပေါ့။တောင်းစားနေကျ လူတွေလိုမျိုး မဟုတ်ဘဲနဲ့ အကူအညီတောင်းတဲ့ ပုံစံမျိုး တောင်းစားတာတွေလည်း အခု ပိုများလာတာပေါ့”လို့ ဆိုပါတယ်။

တောင်းရမ်းစားသောက်မှု များပြားလာတာဟာ အာဏာသိမ်းကာလအတွင်း ကုန်ဈေးနှုန်းတွေ အဆ မတန် မြင့်တက်လာတာ၊ အလုပ်လက်မဲ့မှုနှုန်းနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ၊ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် ဖြစ်ပေါ်နေတာပါ။

တဖက်မှာ စစ်ကော်မရှင်က ပြည်သူတွေကို အလုပ်အကိုင် ဖန်တီပေးမှု မရှိတာ၊ ပြည်ပရင်းနှီးမြှုပ် နှံမှုတွေ အရင်လို ဝင်ရောက်မှုမရှိတာ၊ စစ်ကော်မရှင်က ဘဏ္ဍာငွေကို လူထုသက်သာချောင်ချိရေးထက် စစ်ရေးတွေမှာ ပိုမိုအသုံးပြုလာတာကြောင့် ပြည်သူတွေ မွဲသထက် မွဲလာတာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကတော့ မြန်မာနိုင်ငံရဲ့ လူ ၃ ဦးမှာ ၁ ဦးဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံက ဆာလောင်မွတ် သိပ်မှုကို ကိုရီးယားနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်မယ့် REACH အစီအစဉ်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ၂၀၂၄ ခုနှစ်ကထက် သိသိသာသာ တိုးမြင့်လာသလို တစ်နှစ်အတွင်း ဝဝလင်လင်မစားနိုင်သူ ၃ သန်းလောက် တိုးလာတယ်လို့ သတိပေးထားပါတယ်။

Most read this week

February 12, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်...
February 12, 2026
The junta has reportedly been burning and destroying documents linked to the 2020 election,...
February 11, 2026
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်တွေအပါအဝင် ဆက်စပ်တဲ့ အချက်အလက်...
February 10, 2026
အာဏာသိမ်းစစ်တပ်က နိုင်ငံရေးဆင့်ကဲအခင်းအကျင်းတွေကို တဆင့်ချင်း လုပ်ဆောင်နေတဲ့အတွက်...