ရခိုင်ပြည်၊ သံတွဲနှင့် ဂွမြို့နယ်တွင် ကျေးလက်နေပြည်သူများအနေဖြင့် မိုင်းအန္တရာယ်ကို နေ့စဉ် သတိထားနေထိုင်နေရပြီး ယခင်ကရှာဖွေ စားသောက်ခဲ့သော တော၊ တောင်၊ ဥယျာဉ်များသို့ မသွားရောက်နိုင်သောကြောင့် စားဝတ်နေရေးခက်ခဲနေကြောင်း နေထိုင်သူများက နိရဉ္ဇရာကို ပြောသည်။
ဒေသခံများသည် စားဝတ်နေရေး ကျပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ယခင်က ဒေသလက်ငုတ် လက်ရင်း ရိုးရာဓလေ့အရ လုပ်ကိုင်သော ဥယျာဉ်စိုက်ပျိုးခြင်း၊ မိမိတော၊ တောင်များတွင် မျှစ်နှင့် အသီးအနှံများရှာဖွေခြင်း၊ ဝါးခုတ်၊ တောလိုက်လုပ်ငန်းများကို လက်ရှိမိုင်းအန္တရာယ်ကြောင့် လုပ်ကိုင်၍ မရတော့ကြောင်း ဒေသခံများက ဆိုသည်။
သံတွဲမြို့ ရွှေလှေဒေသခံတစ်ဦးက “အခုလက်ရှိအခြေအနေက ကျွန်တော်တို့ရွှေလှေတိုက်နယ်က တောတောင်တချို့ကို မိုင်းတွေရှိနိုင်တော့ မသွားရဲပါဘူး။ အလုပ်အကိုင်ရှားပါးတော့ ဒေသခံတွေ စားဝတ်နေရေးကျပ်တည်းတယ်။ တောင်တွေ၊ ဉယျာဉ်တွေကိုသွားပြီး မျှစ်ရှာတာတွေ၊ သီးပင် စားပင်တွေ စိုက်ပျိုးလုပ်စားဖို့ကလည်း မသွားရဲဘူး။ မိုင်းပေါက်ရင် အသက်ဆုံးရှုံးနိုင်တယ်။ စိုက်ပျိုးထွန်ယက်စားဖို့ နေနေသာသာ၊ တရွာနဲ့တရွာ တောလမ်းတွေကသွားရင်တောင် မိုင်းအန္တရာယ်သတိ ထားရတယ်။ အဲတော့ အရင်လို တောတောင်တွေမှာရှာဖွေလုပ်ကိုင်မစားရတော့ စားဝတ်နေရေး ကျပ်သထက် ကျပ်လာတယ်” ဟု ပြောသည်။
သံတွဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့သော ရွှေလှေတိုက်နယ်၊ မောင်ရွှေလေးရေတပ်ပတ်ဝန်းကျင်ကျေးရွာများ၊ တိုက်နယ်ကျေးရွာများတွင် အာရက္ခတပ်တော်(AA)က မိုင်းရှင်းလင်းထားသော်လည်း တချို့ကျေးရွာများတွင် မိုင်းအန္တရာယ်ရှိနေသေး၍ စစ်ဘေးရှောင်များအား နေရပ်ပြန်ခွင့်မပေးသေးကြောင်း သိရသည်။
မတ်လ ၂ဝ ရက်ကလည်း သံတွဲမြို့နယ်၊ ရေဖြူအိုင်ရွာမှ မောင်ဆန်းဝင်းသည် ရွာအနီး ထင်းခွေရန်သွားစဉ် မိုင်းနင်းမိ၍ ညာဘက်ခြေခုံပြတ်ထွက်သွားခဲ့သည်။
အလားတူ မတ်လ ၂၆ ရက်ကလည်း သံတွဲမြို့နယ်၊ ရောင်ခြည်ဦးကျေးရွာအနီး မိုင်းနင်းမိ၍ ဦးစိုးသန်း (၆ဝ)နှစ်၏ ဘယ်ဘက်ခြေထောက် လုံးဝ ပြတ်ထွက်သွားခဲ့သည်။
အလားတူ ဂွမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများ၊ ဂွနှင့် သံတွဲအစပ် ကျေးရွာတောတောင်များ၊ ဧရာဝတီအစပ်တောတောင်များတို့တွင် မိုင်းအန္တရာယ်ရှိသည့်အတွက် တောတောင်၊ ဥယျာဉ်ခြံမြေများသို့ သွားရောက်မလုပ်ကိုင်နိုင်ကြသေးဟု ဒေသခံများက ပြောသည်။
ဂွမြို့ဒေသခံတစ်ဦးက “ကျွန်တော်တို့ ဂွမြို့နယ်မှာလည်း သက်ဆိုင်ရာက မိုင်းရှင်းလင်းရေးတွေလုပ်ပေမယ့် မသွားခိုင်းတဲ့ တောတောင်တွေအများကြီးပဲ။ အရင်က သရက်သီး၊ ငှက်ပျောသီး၊ မျှစ်၊ မှို အကုန်တောက အခင်းတွေက ရှာပြီး ရောင်းကြတာ။ ဧရာဝတီတိုင်းအထိသွားရောင်းခဲ့တာ။ အခု မိုင်းအန္တရာယ်ကြောင့် ပစ်ထားရတယ်။ အကျိုးဆက်က အလုပ်အကိုင်မရှိ။ စားဝတ်နေရေးကျပ်တည်းတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်တွင် ဂွမြို့နယ်၊ ကမ်းသာယာကမ်းခြေအနီးရှိ ကင်းပုံကျေးရွာမှ ကလေးငယ်တစ်ဦးသည် မိုင်းနင်းမိ၍ သေဆုံးခဲ့ရသည်။
မတ်လ ၁၅ ရက်ကလည်း ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာမှ ဦးကျော်ထူး(ခေါ်)ဦးကုလားကြီးသည် မိုင်းနင်း၍ ဘယ်ခြေထောက် ခြေခုံအနီးပြတ်ထွက်သွားခဲ့သည်။
မတ်လ ၃ဝ ရက်ကလည်း ဂွမြို့နယ်၊ ကျိန္တလီတိုက်နယ်၊ ဆားချက်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးဇော်ဝင်းအောင်သည် ဟင်းစားရှာရန်တောင်ပေါ်သို့သားစဉ် မိုင်းနင်းမိ၍ ဘယ်ခြေထောက် ခြေမျက်စိနားမှ ပြတ်ထွက်သွားခဲ့သည်။
ဧပြီလ ၃ ရက်ကလည်း ဂွမြို့နယ်ရှိ ကျိန္တလီတိုက်နယ်တွင် တောင်ပေါ်သို့ဟင်းစားရှာရန်သွားစဉ် မိုင်းနင်းမိ၍ ဦးထွန်းလင်းအောင် (ခေါ်) ငဖေ (၃၀)နှစ်တွင် ညာခြေထောက်တစ်ဘက် ပြတ်ထွက်သွားခဲ့သည်။
သံတွဲမြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင်လည်းကောင်း၊ ဂွမြို့နယ်တစ်ခုလုံးကို ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင်လည်းကောင်း အသီးသီး သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းသို့သိမ်းပိုက်ပြီးနောက် သံတွဲနှင့် ဂွမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က စခန်းချခဲ့သောနေရာများ၊ တောတောင်၊ ကားလမ်း၊ လူနေခြံဝင်းများပါမကျန် AA က မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ရာ ယခုနှစ်ဇွန်လအထိ မြေမြှုပ်မိုင်းအလုံးရေ ၂ဝဝဝ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ မိုင်းထောင်ထားခဲ့မှုကြောင့် တောတောင်ကို မှီခိုစီးပွားရှာရသော သံတွဲနှင့် ဂွဒေသခံများသည် ထင်းရှာ၊ ဟင်းရှာ၊ လယ်စိုက်၊ ကိုင်းထွန်မှအစ မိုင်းနင်းမိပြီး သေဆုံး ထိခိုက်ဒဏ်ရာရခြင်းများ မကြာခဏ ကြုံတွေ့နေရကြောင်းလည်း သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ၁၇ ဦးသေဆုံးပြီး ၇၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု နိရဉ္စရာက ကောက်ယူထားသည့်စာရင်းအရ သိရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် သံတွဲနှင့် ဂွအပါအဝင် အာရက္ခဒေသအတွင်း မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်ဆိုင်ရာ ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။







