ကလော စစ်တပ်မြေဟောင်းဟုဆိုပြီး အိမ်ခြေ ၃၀ ကျော်ဖယ်ရှားခိုင်း

ကလော စစ်တပ်မြေဟောင်းဟုဆိုပြီး အိမ်ခြေ ၃၀ ကျော်ဖယ်ရှားခိုင်း

သျှမ်းပြည်တောင်ပိုင်း ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ ပြည်သူပိုင်မြေ များကို စစ်တပ်မြေ အမည်ပေါက်သည်ဟုဆိုကာ အိမ်ခြေ ၃၀ ကျော်ကို ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ စစ်တပ်မြေဟောင်း နေရာအတွင်း ကျူးကျော်ပြီး ကျော်တိုင်ခြံစည်းရိုး ကာရံထားသည့် အကွက်ပေါင်း (၁၀) ကွက်နှင့် အဆောက်အဦ ဆောက်လုပ် အသုံးပြုထားသော အကွက်ပေါင်း (၂၆) ကွက် စုစုပေါင်း (၃၆) ကွက်ရှိသည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသခံများကို အစည်းအဝေးခေါ်ပြီး ပြောကြားခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် မြို့နယ်ရဲမှူးက “အပေါ်ကအစိုးရအဖွဲ့ကနေ ဆုံးဖြတ်ပြီးမှ ဒီလိုဆောင်ရွက်ပါလို့ ကျနော်တို့ကို အကြောင်းကြားလာတာ။ ဒီအကြောင်းကြားတဲ့ဟာကို ခင်ဗျားတို့ လိုက်နာရမှာ။ မလိုက်နာရင်တော့ ဥပဒေရှိတယ်” ဟု ဒေသခံများကို ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ထို့ပြင် သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျူးကျော်ဝင်ရောက် နေထိုင်သူများအား ယခု စက်တင်ဘာလအကုန်တွင် ဖြိုဖျက်ပေးရမည်ဖြစ်ကြောင်း၊ မဖြိုဖျက်ပါက ၎င်းတို့မှ ဘတ်ဖိုး ( ဘော်ဒိုဇာ) ဖြင့် လာရောက်ဖြိုဖျက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အစိုးရခိုင်းရင် လုပ်ရမှာပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ လေထု၊ မြေထု၊ ရေထုအားလုံး နိုင်ငံတော်က ပိုင်တယ်” ဟု အစည်းအဝေးတွင် မြို့နယ်ရဲမှူးက ပြောကြားခဲ့သည်။

သို့သော် ထိုနေရာတွင် ဒေသခံများ နေထိုင်ခဲ့သည်မှာ မိဘများလက်ထက်မှ ယနေ့ထိ နှစ်ပေါင်း (၅၀) ကျော်ရှိပြီး မြို့မြေခွန်၊ စည်ပင်ခွန် ပေးဆောင်လျက်ရှိသကဲ့သို့ သစ်တောကင်းလွတ်ခွင့် အထောက်အထားများ ရှိကြောင်း ကလောမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့မြေကို ကလောထွေအုပ် ခရိုင်မှူးက မြေစာရင်းနဲ့ပေါင်းပြီး လုပ်နေတာပါ။ ဒေသခံတွေက နေထိုင်နေတာ နှစ်ပေါင်း ၅၀ ကျော်နေပါပြီ၊ ကျူးကျော်လို့ စွပ်စွဲပြီး မတရားဖျက်ဖို့ လုပ်နေတာပါ။ ဒေသခံတွေကိုလည်း လက်မှတ်အတင်း ထိုးခိုင်းနေတယ်၊ ဘယ်သူမှ မထိုးကြဘူး” ဟု ကလောမြို့ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ မြေပြင်တွင် ဆောက်လုပ်နေထိုင်လျက်ရှိသော ဒေသခံများ၏ အဆောက်ဦးများကို ဖြိုဖျက်ရှင်းလင်း၍ စနစ်တကျ ပြန်လည်ကွက်စိပ်ရိုက် ဖော်ထုတ်ထားရှိသည့် (၆၀x၄၀) ပေရှိ မြေ ၁ ကွက်စီအား အစားပေး နေရာချထားပေးမည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ထားကြောင်း သိရသည်။



“ရှင်းရှင်းပြောရရင် ဥပဒေအရ ခင်ဗျားတို့ကို မောင်းထုတ်ရလို့ရတယ်၊ ဒါဥပဒေပဲ။ ခင်ဗျားတို့ ပိုင်နက်တွေ လုံးဝမဟုတ်ဘူး။ ဒါက နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှုအရ လုပ်ပိုင်ခွင့်ရှိတဲ့ မြေလို့ မြေစာရင်းမြေပုံမှာ အဲ့အတိုင်းပေါ်နေတယ်။ ဟောဒီ မြေစာရင်းမြေပုံမှာ ပေါ်နေတဲ့ဟာလည်း အစိုးရအဖွဲ့ ကပ်ဘိနက် ရောက်သွားပြီဖြစ်တဲ့အတွက် ခင်ဗျားတို့ကို လူသားချင်းကိုယ်ချင်းစာတဲ့အတွက် သူတို့ဆန္ဒလေးကို မေးပေးပါဆိုလို့ မေးရခြင်းဖြစ်တယ်” ဟုလည်း မြို့နယ်ရဲမှူးက ပြောကြားခဲ့သည်။

စစ်တပ်မြေဟောင်းနေရာနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် မြေစာရင်းဦးစီးဌာနတွင် မှတ်သားထားရှိသည့် မြေကြီးမြေပုံအရနှင့် မြေဧရိယာအတွင်းကိုသာ စိစစ်ဆောင်ရွက်ခွင့် ရှိကြောင်း၊ အဆိုပါ မြေကြီးမြေပုံ မြေဧရိယာကို ကျော်လွန်၍ ဆောင်ရွက်ခွင့် မရှိကြောင်း ဆိုသည်။

ကလောမြို့ အိမ်ခြံမြေရောင်းဝယ်သူတစ်ဦးက “သူတို့ သတ်မှတ်ရက်နဲ့ ဖယ်ပေးရမယ်လို့ ပြောတယ်။ လျော်ကြေး ဘာညာပေးမယ်လို့ ပြောတာပဲ၊ ဒါပေမယ့် အဲ့ဒါလည်း သူတို့ပေးချင်မှ ရတာ။ အဲ့မြေက စစ်ဦးစီးနဲ့နီးတော့ လုပ်ချင်သလို လုပ်နေတာ” ဟု ပြောသည်။

ဒေသခံအများစုသည်လည်း မိမိတို့ လက်ရှိနေထိုင်သော နေရာကို သိမ်းဆည်းခြင်း လက်မခံကြောင်း ပြောသည်။

“အမေတို့လက်ထက်ကတည်းက အခုအချိန်ထိ နေလာတာ နှစ်ပေါင်း ၅၀ ကျော်နေပြီ။ မြို့မြေခွန်၊ စည်ပင်ခွန်လည်း အမြဲတမ်း ပေးနေတာပဲ၊ အခုမှ ကျမတို့နေတဲ့နေရာကို လာသိမ်းမယ်ဆိုတော့ လက်မခံနိုင်ဘူး” ဟု ကလောမြို့ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

လက်ရှိ ဖယ်ရှားခိုင်းသည့် နေရာများတွင် စစ်တပ်ဟောင်းနယ်မြေပေါက်၍ ဖယ်ရှားခိုင်းသည်ဟု ဆိုသော်လည်း လက်တွေ့တွင် အိမ်ရာစီမံကိန်း ဆောက်လုပ်ရန်အတွက် ဖယ်ရှားခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောဆိုနေကြသည်။

မြို့ပတ်ဝန်းကျင်တစ်ခုလုံးကို စိမ်းလန်းသည့် ထင်းရှူးတောများဖြင့် ဖုံးလွှမ်းထားသည့် ကလောမြို့တွင် လွန်ခဲ့သည့် ၅ နှစ်ခန့်မှစ၍ မြို့ခံငွေကြေး ချမ်းသာသူများအပါအဝင် နိုင်ငံတဝန်း စီးပွားရေးလုပ်ငန်းရှာများက လှပသော ထင်းရှူးပင်များအကြား အိမ်ရာစီမံကိန်း ဖော်ဆောင်ရန်အတွက် မျက်စိကျလာခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီးသည့် ၂၀၂၁ ခုနှစ်မှစ၍ ကလောမြို့ ပတ်ဝန်းကျင်နှင့် နေရာအစုံတွင် အိမ်ရာစီမံကိန်း ၃၀ ခုထက်မနည်း ရှိလာနေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...