နန်းဝေဖြိုးဇာ — “ကျမတို့ ရွာကအိမ်တွေက လက်နက်ကြီးထိတော့ ပြိုပျက်ပျက်စီးကုန်ပြီး အခုသူများရွာမှာ လာပြီးခိုနေရတာ ထိုင်းမှာ သားသမီးတွေက အလုပ်သွားလုပ်လို့ပေါ့၊ ကျမတို့ ထမင်းစားနေရတာ။ အားကိုးစရာ သားသမီးမရှိရင် ဘယ်လို အသက်ရှင်နိုင်မလဲ” လို့ ကော့ကရိတ်မြို့နယ်မှာ စစ်ရှောင်နေရတဲ့ နော်အေးမြက ဖွင့်ဟပြောပါတယ်။
သူမဟာ၂၀၂၁ စစ်တပ်အာဏာသိမ်းတဲ့ အကျိုးဆက်နိုင်ငံတဝှမ်း စစ်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့နည်းတူ စစ်ဒဏ်ကို အများဆုံးခံရတဲ့ ဒေသတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရေပူကြီးရွာက အပြစ်မဲ့စစ်ရှောင် တစ်ဦး ဖြစ်ပါတယ်။
ရေပူကြီးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ရွာကြီး ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလ ကတည်းကစပြီး ရွာအနီး နားဝန်းကျင်မှာ တိုက်ပွဲစတင်ဖြစ်ပွားတာကြောင့် တစ်ရွာလုံးထွက်ပြေး တိမ်းရှောင်နေရတာပါ။
နော်မြအေးတို့ မိသားစုမှာ သားသမီး ၄ ယောက်ရှိပြီး အကြီးနှစ်ယောက်ကတော့ ထိုင်းမှာ အလုပ်သွားလုပ်နေပြီး အငယ် ၂ ယောက်ကတော့ သူမနဲ့အတူနေထိုင်ပါတယ်။ ရွာမှာ တိုက်ပွဲတွေမဖြစ်ခင်က လယ်ယာအလုပ်နဲ့ တခြားအလုပ်တွေကြောင့် သူတို့ မိသားစု စားဝတ်နေရေးအတွက် ပြေပြေလည်လည် ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ တိုက်ပွဲတွေကြောင့် အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ သူမတို့ရွာသားတွေဟာ တစ်ရွာလုံး ထွက်ပြေးခဲ့ရ ပါတယ်။ လူဦးရေများတာကြောင့် တချို့ အသိမိတ်ဆွေ၊ ဆွေမျိုးတွေဆီမှာ သွားခိုလှုံတာရှိသလို ငွေကြေးတတ်နိုင် သူတွေကတော့ မြို့ပေါ်မှာ အိမ်ငှားပြီး သွားနေသူတွေလည်း ရှိပါတယ်။
နော်မြအေးတို့မိသားစုကတော့ ရွာက နီးစပ်တဲ့သူတွေ နောက်လိုက်သွားပြီး ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲက ကျေးရွာတစ်ရွာမှာ သွားပြီး ခိုလှုံနေရတာဖြစ်ပါတယ်။ အစပိုင်းမှာ ကူညီသူတွေ ရှိပေမဲ့လည်း ကာလကြာလာ တော့ အကူအညီတွေ လျော့နည်းလာပြီး စားဖို့ ကိုယ်တိုင်ရှာနေရတယ်လို့ သူမက အခုလို ဖွင့်ဟ ပြောပါတယ်။
“အစမှာတော့ ကူညီတယ်။ ကြာလာတော့ ဘယ်သူမှ မကူညီနိုင်ဘူးလေ။ ဒါက သူများအပြစ်မဟုတ်ဘူး၊ အခုက အားလုံးက စီးပွားရေးပြေလည်တာ မဟုတ်ဘူး။ ရေရှည် ကူညီပေးရတဲ့လူတွေကလည်း ဘယ်ကူညီနိုင်တော့မလဲ တော်သေးလို့ သားသမီးတွေက ထိုင်းမှာရှိလို့ အသက်ရှုချောင်နေတာ” လို့ နော်မြအေးက ပြောပါတယ်။
ထိုင်းမှာ သွားပြီး အလုပ်လုပ်နေတဲ့ သူမရဲ့ သမီး ၂ ယောက်က စစ်ရှောင်နေရတဲ့ သူတို့မိသားစုအတွက် စားစရိတ် ကို ပြန်ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
ကော့ကရိတ်နဲ့ ကျုံဒိုးနယ်မှာ ကျေးရွာပေါင်း ၅၀ ထက်မနည်း စစ်ရှောင်နေရတာပါ။ အခုလို စစ်ရှောင်နေရတဲ့ သူတွေထဲက လူငယ်အများစုဟာ ထိုင်းမှာ အလုပ်သွားလုပ်ဖို့ မိသားစုက ပို့ဆောင်ပေးလေ့ရှိပါတယ်။
“စစ်ရှောင်တာ သူများအိမ်မှာနေရတော့ အရွယ်ရောက်တဲ့ကလေးတွေက သူများအိမ်မှာ အကြာကြီး မနေနိုင်ဘူး။ ဒီမှာ အလုပ်မရှိတော့ ထိုင်းကိုပို့လိုက်တာ သမီးအကြီးက မပြေးခင်ထဲက ထိုင်းကိုတက်တာ အငယ်မကို နောက်မှ ပို့တာ။ သူများရွာမှာ လာနေတာတော့ ဘယ်အဆင်ပြေမလဲ အိမ်ကိုပြန်ချင်တာပေါ့” လို့ သူမက ပြောပါတယ်။
UNDP Myanmar ရဲ့ ထုတ်ပြန်ချက်အရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းမှာရှိတဲ့ လူငယ် ၁၀ ဦးမှာ ၄ ဦးဟာ အခွင့်အရေးရရင် နိုင်ငံကို စွန့်ပြီး ပြည်ပကို ထွက်ခွာချင်ကြပါတယ်။
သို့သော် နယ်မြေတည်ငြိမ်မှုမရှိတဲ့ ရပ်ရွာမှာက ပြည်ပထွက်ရာခိုင်နှုန်းက ပိုများတယ်လို့ ကရင်ပြည်နယ်တွင်းက စစ်ရှောင်နေရတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ စောကျော်ဖောင်က ပြောပါတယ်။
“ပြောရမယ် ဆိုရင် ကျနော်တို့ စစ်ရှောင်ရတဲ့ လူငယ်အနာဂတ်တွေက ပျောက်ကုန်ပြီး။ လူငယ်အများစုက ထိုင်း သွားတယ်။ စစ်ရှောင်တဲ့အချိန် သူများကျောတစ်ခင်းစာ ပေးအိပ်ရတာကိုပဲ ကျေးဇူးတင်ရမယ်။
အေးချမ်းမှုကိုပဲ လိုချင်တယ်။ မတိုးတက်ရင်လုပ်ကိုင်စားသောက်တာက ရသေးတယ်။ မငြိမ်းချမ်းရင်တော့ ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့ မရဘူး” လို့ သူက ပြောပါတယ်။
စစ်ရှောင်တွေကို ကူညီခက်ခဲလာတဲ့ အခြေအနေ
တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်တဲ့နယ်မြေထဲမှာစစ်ရှောင်တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ နယ်မြေဒေသခံကပဲ နေရာထိုင်ခင်းပေးပြီး ကူညီပေးမှုတွေရှိပေမယ့်လည်း စစ်အုပ်စု အုပ်ချုပ်တဲ့နေရာတွေမှာ တော့ စစ်ရှောင်တွေကို ယခင်တုန်းကလို ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ မကူညီကြဘူးလို့ ဖားအံက လူငယ် တစ်ဦးဖြစ်တဲ့ စောအဲခေါင်က ဆိုပါတယ်။
“ကျနော်တို့ မှတ်မိသလောက် ၂၀၁၇-၂၀၁၈ လောက်မှာထင်တယ် စစ်ရှောင်အတွက်ဆိုရင် ကျနော်တို့က မြို့ထဲက စျေးတွေမှာ စစ်ရှောင်ရံပုံငွေရှာတဲ့ပွဲတွေ လုပ်တာရှိတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ ဒါကို ကျနော်တို့မလုပ်ရဲ တော့ဘူး။ ဘယ်သူမှ မဦးဆောင်ရဲဘူး။ ပြည်သူတွေက စစ်ဖန်တီးတာမဟုတ်ဘူး။ ခံရတဲ့လူတွေကို ကူညီပေးရမှာ အားလုံးတာဝန်ရှိတယ်။ ဒါပေမယ့် မလုပ်ရဲကြဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် အချို့ကျေးရွာတွေမှာ စစ်ရှောင်ဦးရေများတာကြောင့် စေတနာရှင်အချို့က တတ်နိုင်သလောက် အခြေခံ စားနပ်ရိက္ခာတွေ ကူညီချင်သော်လည်း တော်လှန်ရေးတပ်ဖွဲ့မိသားစုတွေကို ထောက်ပံ့ပေးတယ် ဆိုပြီး စွပ်စွဲခံရ နိုင်တာကြောင့် အဖက်ဖက် ပြန်ကြည့်ပေးရတဲ့ အခါတွေလည်း ရှိပါတယ်။
စစ်တပ် အာဏာမသိမ်းခင်တုန်းက စစ်ဘေးရှောင်တွေကို ဒေသတွင်းက လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ပြီး ကူညီရေးလုပ်ဆောင်ခဲ့တာတွေ များစွာရှိခဲ့ဖူးပါတယ်။ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အစိုးရ မဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေဟာ အမျိုးမျိုးသော တင်းကြပ်လွန်းပြီး တဖက်သတ်ဆန်တဲ့ အမိန့်ညွှန်ကြား ချက် တွေကြောင့် စစ်ရှောင်တွေကို အရင်လို ကူညီလို့ မရတော့ တဲ့အခြေအနေမျိုးရှိတယ်လို့ လူမှုအဖွဲ့စည်းက တာဝန် ရှိသူတွေက ပြောပါတယ်။
လူမှုအဖွဲ့အစည်းတွေ အနေနဲ့ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးအတွက်ကလွဲပြီး စစ်ရှောင်အရေးကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်လို့ မရတော့ဘူးလို့ လူမှုကူညီရေး အဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦး ဖြစ်တဲ့ နော်ဖော့ဆို (အမည်လွှဲ) က အခုလို ဖွင့်ဟ ပြောပါတယ်။
“အခုက လူထု ကျန်းမာရေးအသိပညာပေးလား စိုက်ပျိုးရေးအတွက်လား၊ ကျားမရေးရာ အသိပညာပေးလား၊ တစ်ခြားဖွံ့ဖြိုးတိုးတက်ရေးအတွက်လား အရပ်ဖက်အဖွဲ့တွေက အဲဒါတွေအကုန် လုပ်လို့ရတယ်။ ဒါပေမယ့် စစ်ရှောင်အတွက် အရေးပေါ်ကူညီရေးတို့ဘာတို့က မလုပ်ရဲဘူး။ ဘာဖြစ်လဲဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ငြှိမှာကြောက်လို့ တစ်ခုခုလုပ်ရင်လည်း သတိထားရတယ်။ လုပ်ငန်းစဉ်အကုန်လုံးကို ပြည်နယ်အစိုးရကို တင်ရပြထားရတာတွေရှိတယ်လို့ သိရပါတယ်” လို့ ၎င်းက ပြောပါတယ်။
စစ်အုပ်စု ထိန်းချုပ်တဲ့ နေရာမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဟာ လုပ်ဆောင်နေတဲ့ ပရောဂျက်မှန်သမျှ ခေါင်းစဉ်အသေးစိတ်နဲ့ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှာ လစဉ်အစီရင်ခံစာ တင်ပြရတယ်လို့ လူမှုအဖွဲ့ အစည်း တွေက တညီတညွတ်တည်း ပြောပါတယ်။
တစ်ဖက်မှာလည်း ကျေးရွာထဲကို လာရောက်စစ်ရှောင်နေတဲ့ စစ်ရှောင်တွေကို ကူညီဖို့က တိုင်းရင်းသား လက်နက် ကိုင်တွေ ရောနှောအုပ်ချုပ်တဲ့ နယ်မြေဖြစ်မယ်ဆိုရင် ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင် နယ်မြေအုပ်ချုပ်ရေး တာဝန် ရှိသူတွေကို တင်ပြရတာတွေလည်း ရှိပြန်ပါသေးတယ်။
“ပြည်တွင်းမှာရှိနေတဲ့ ကျမတို့ အရပ်ဖက်အဖွဲ့တွေက လုပ်ငန်းစဉ်တစ်ခုခုလုပ်ရင် လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက် ဆက်နွယ်မှု မရှိရဘူး ဆိုပြီး စစ်အုပ်စုဘက်က ကျမတို့ကို ကြပ်ထားတယ်။ ကျမတို့ ရွာထဲကွင်းဆင်းရင် တစ်ချို့က နှစ်ဖက်ရောနှော အုပ်ချုပ်နယ်မြေဖြစ်တဲ့ အခါကျတော့ ဟိုဘက်ကလည်း သူတို့ကို မတင်ပြရင် မပေးဝင်ဘူး။ အဲလို ဆိုတော့ ကူချင်သလို ကူလို့မရဘူးပေါ့”လို့ နော်ဖော့ဆိုက သူတို့ ကြုံတွေ့နေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲမှာ စစ်ရှောင်တွေကို လာရောက်ကူညီသည့်အဖွဲ့ဖြစ်စေ စေတနာရှင်၊ အလှူရှင် တွေဖြစ်စေ သက်ဆိုင်ရာ မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် စစ်ရှောင်အရေးပေါ်ကူညီပေးနေတဲ့ အဖွဲ့ထံကို အသိပေးရမည်ဆိုပြီး မြေပြင်မှာ စည်းကမ်းချက် ထုတ်ပြန်ထားတာ ရှိပါတယ်။
ကေအဲန်ယူ ကျုံဒိုးမြို့နယ် ဥက္ကဋ္ဌ မန်းကြာညိုက “ကျနော်တို့ မြို့နယ်မှာတော့ စစ်ရှောင်တွေကို ကူညီတဲ့အပိုင်းက CIDKP (ပြည်တွင်းနေရပ်စွန့်ခွာသူများရေးရာကော်မတီ) တို့က ကျေးရွာတာဝန်ရှိသူတွေနဲ့ ကော်မ တီဖွဲ့ပြီးလုပ်ဆောင်တယ်။ ကိုယ့်မြို့နယ်ထဲမှာ စစ်ရှောင်ဦးရေ တွေ ဘယ်လောက်တိုးလဲ ဘယ်ရွာတွေမှာ ဘယ်လောက်ရှိလဲ သူတို့ဆီမှာအကုန်ရှိတယ်” လို့ ပြောပါတယ်။
ကုလနဲ့ နိုင်ငံတကာလည်း ကူညီဖို့ လက်လှမ်းမမှီတဲ့အခြေအနေ
မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်တဲ့ နယ်မြေများမှာ ဩဂုတ် လကတည်းကစပြီး အာဏာသိမ်း စစ်အုပ်စုက သူတို့ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ရဖို့အတွက် အဆင့်မြင့် လက်နက်နဲ့ နည်းပညာသုံးပြီး အင်အားအလုံးအရင်းနဲ့ မြေပြင်စစ်ကြောင်းတွေ ထိုးလာပါတယ်။
အခုလို စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပြီး ကေအဲန်ယူ၊ ဒူးပလာယာခရိုင်နဲ့၊ မြိတ်-ထားဝယ် ခရိုင်မှာ စစ်ရှောင်ဦးရေ ထောင်နှင့်ချီ တိုးလာပါတယ်။
အဲဒီစစ်ရှောင်တွေကို ဒေသခံပြည်သူ အချင်းချင်းက ကူညီတာကလွှဲပြီး ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီပေးတာမရှိဘူးလို့ တနင်္သာရီတိုင်း ဒေသကြီးက မြေပြင်စစ်ရှောင်ကူညီသူ တစ်ဦးက ပြောပါတယ်။
“စစ်ရှောင်တွေကို ကူညီတာ ဒေသခံရွာသားအချင်းချင်းတွေပဲ။ အခုနောက်ပိုင်း စစ်ရှောင်တွေကို ပြည်ပက နိုင်ငံတကာအဖွဲ့အစည်းတွေ ကူညီတာမတွေ့ရတော့ဘူး” လို့ နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရံပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံက လူဦးရေ တစ်သန်းအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP ၂၀၂၅ ခုနှစ် ဧပြီလက ကအရေးပေါ် အကူအညီတွေ ရပ်တန့်လိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံထဲမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်ပြီး ယခု ၂၀၂၅ ခုနှစ်အထိ ကုန်စျေးနှုန်း ၄ ဆအထိ တိုးမြင့်တက်လာခဲ့သလို ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကြောင့် လူဦးရေ ၃ ဦးမှာ တစ်ဦးနှုန်းဖြစ်တဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒသမ ၇ သန်း ဟာ ဝမ်းရေးဖူလုံမှုမရှိတာနဲ့ကြုံတွေ့နေရတယ်လို့လည်း UN Myanmar ကထုတ်ပြန် ထားပါသေးတယ်။
နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထိရောက်ဖို့ နယ်စပ်ဖြတ်ကျော်အကူအညီ ပေးဖို့ ကေအဲန်ယူက မကြာခဏ ပြောဆိုပေမဲ့လည်း အရာမထင်သေးတဲ့ အခြေအနေပါ။ အခုလို အခြေအနေတွေကြောင့် စစ်ရှောင်တွေဟာ အခက်အခဲအမျိုးမျိုးနဲ့ စားဖို့အတွက် ရုန်းကန်နေရပါဆဲပါ။
“ကျမတို့ကို အမြဲအစားအစာ မကူနိုင်ဘူးဆိုတာ သိပါတယ်။ တခြားအကူအညီဆိုတာတွေကိုလည်း မမျှော်လိုဘူး။ ဥပက္ခာပြုထားတယ် ရတဲ့နည်းနဲ့ စားဖို့ ရုန်းကန်မယ်” လို့ စစ်ရှောင်နေရသူ နော်အေးမြက ပြောပါတယ်။







