ကျောင်းသားများ အစုလိုက်အပြုံလိုက် သေဆုံးမှုပေါ် အထောက်အထားများပေးကြရန် ကုလ တောင်းခံနေ

ကျောင်းသားများ အစုလိုက်အပြုံလိုက် သေဆုံးမှုပေါ် အထောက်အထားများပေးကြရန် ကုလ တောင်းခံနေ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာရှိ ကျောင်းအဆောက်အဦအား လေကြောင်းတိုက်ခိုက်မှုအကြောင်း မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူများအနေဖြင့် မြေပြင်အထောက်အထားမျှဝေ ပေးပို့ကြရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ စုံးစမ်းစစ်ဆေးရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့၏ ထုတ်ပြန်ချက်အရ ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိမှု၊ အပျက်အစီးများ၊ လေယာဥ်နှင့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံ (သို့မဟုတ်) ဗီဒီယိုများ ထိခိုက်သူများ၏ အချက်အလက်များ၊ လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် လေယာဥ်နှင့် လက်နက်အမျိုးအစားများ၏ အချက်အလက်များ၊ ပါဝင်သူလေယာဥ်မှူးများနှင့် ပေးအပ်သည့် အမိန့်များ၏ အချက်အလက်များကို တောင်းခံနေခြင်းဖြစ်သည်။

ရခိုင်ဒေသခံ တစ်ဦးက " ဒီလိုအချက်အလက်တွေကို သေချာပေးဖို့ ခေါ်နေတာ ကောင်းပါတယ်။ ဒါမှ စစ်ကောင်စီကို အရေးယူဖို့ အချက်အလက်တွေ အများအပြား ရနိုင်တာပေါ့။ ဒါ့အပြင် သရက်တပင် ကိစ္စအပါဝင် တခြား ရခိုင်မှာ၊ မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် လေကြောင်းတိုက်ခိုက်ခံရတာ အများကြီး ရှိနေသေးတာကြောင့် စစ်ကောင်စီကို အမြန်ဆုံး နိုင်ငံတကာက အရေးယူသင့်နေပြီ " ဟု ပြောသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက် သရက်တပင် စာသင်ကျောင်းကို တိုက်ခိုက်မှုအတွင်း အနည်ဆုံးသေဆုံးသူ ၂၂ ဦးရှိပြီး အများစုမှာ ကျောင်းသားများဖြစ်ကာ ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း IIMM က ဆိုသည်။

ယခုဖြစ်စဥ်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းများကို ဆိုးဝါးစွာတိုက်ခိုက်မှုများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း ဆိုသည်။

" ယခုဖြစ်စဥ်သည် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ အတင်းအကြပ်နေရပ်မှ ရွှေ့ပြောင်းခံရခြင်းများနှင့် ငတ်မွတ်ခေါင်းပါးမှုများ ကြုံနေရသည့် ရခိုင်ပြည်ရှိ အရပ်သားလူမျိုးစုများအားလုံး၏ ခံစားရသည့် ဒုက္ခများကို ပိုမိုဆိုးရွားစေကြောင်း" IIMM ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီသည် အာရက္ခတပ်တော်ထိန်းချုပ်ရာ ဒေသများအတွင်း အရပ်သားများကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ကလေးသူငယ်များအပါဝင် အရပ်သားသေဆုံးမှုလည်း မြင့်တက်နေသည်။

"(စစ်ခေါင်းဆောင်) မင်းအောင်လှိုင်ကို ကျမသားသေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အရေးယူဖို့ အကူညီ ပေးစေလိုတယ်။ သူတို့(စစ်တပ်) ကို မနိုင်ရင်နိုင်အောင် တစ်နည်းနည်းနဲ့ နိုင်ငံတကာကလည်း ကူညီကြရမယ် " ဟု ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာက ဒေါ်မနီခိုင်က DMG ကို ပြောသည်။

သေဆုံးသူတွေထဲတွင် ဒေါ်မနီခိုင်၏ သား အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား မောင်မြင့်မြတ်စိုးလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှာ ကလေးငယ်များအား စစ်ကောင်စီ လေကြောင်းဗုံးကြဲ သတ်ဖြတ်မှုအတွက် အာဆီယံ၊ ယူနီဆက်၊ ရခိုင်အရက်ဘက်အဖွဲ့အစည်းများ၊ အာရက္ခတပ်တော်တို့က လည်း ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချထားကြသည်။

သေဆုံးခဲ့ရသူ မိသားစုဝင်များနှင့် ရခိုင်ပြည်သူများအတွက် ကျူးလွန်သူ၊ ကျူးလွန်ရန်ခိုင်းစေသူများ အပါအဝင် ပါဝင်ပတ်သက်သူများအားလုံးကို ထိရောက်စွာ တုံ့ပြန်သွားမည်ဟု အာရက္ခတပ်တော် (AA) က သတိပေးထုတ် ပြန်ထားသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...