ကျောက်ဖြူတွင် နှစ်ဘက်အပြန်အလှန်ပစ်ခတ်သံများကို ပြန်ကြားရ

ကျောက်ဖြူတွင် နှစ်ဘက်အပြန်အလှန်ပစ်ခတ်သံများကို ပြန်ကြားရ

ရက်အနည်းငယ်ရပ်တန့်နေသော ကျောက်ဖြူမြို့ပြင်တွင် နှစ်ဘက်အပြန်အလှန် ပစ်ခတ်သံများကိုထပ်မံ ကြားရသည်ဟု ဒေသခံများက ပြောသည်။  

စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ရက်အနည်းငယ်ရပ်တန့်သွားပြီး ယမန်နေ့ စက်တင်ဘာ ၁၅ ရက် ညနေဖက်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ပြန်လည်ကြားလာရသည်ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။ 

“ပစ်ခတ်သံမကြားရတာ နည်းနည်းရှိပြီ။ ဒီရက်ပိုင်းအတွင်း စကစ လက်နက်ကြီးပစ်ခတ်သံတော့ တရက်မှာ တခါလောက်ဘဲ ကြားတယ်။ မနေ့ညနေဖက်ကတော့ လက်နက်ငယ်သံ၊ လက်နက်ကြီးသံတွေကိုပါ ဆက်တိုက် ကြားရတယ်” ဟု ပြောသည်။ 

ကျောက်ဖြူတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်သည် ပြည်သူ့စစ်တပ်သား အင်အားထောင်ချီသုံးပြီး ကြေး၊ ရေ၊ လေပစ်ကူများဖြင့်  အာရက္ခတပ်တော်ကို ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း အကျဆုံးများနေသဖြင့် နောက်ဆုတ်လာခဲ့ရပြီး ထိုးစစ်ကိုရပ်ကာ ခံစစ်ဖြင့် ပြန်လည်ခုခံရန် ပြင်ဆင်နေချိန်တွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာသည်ဟု ၎င်းက ပြောဆိုသည်။   

“သူတို့ ကျောက်ဖြူကို မြို့ပြင်ကနေ ကာစစ်ပေါ့။ ခံစစ်သဘောမျိုး မကြာခင်ကတည်းက ပြင်နေတယ်။ ရဲတပ်ရင်း ၃၂ အပါအဝင် တပ်စခန်းအချို့ကို ခံစစ်ပြင်နေတယ်။ ဘန်ကာတွေတည်ဆောက်တာ။ ကတုတ်ကျင်းတွေ တူးနေတာတွေကို တွေ့ရတယ်။ အခု သေနတ်သံကြားရတာက အဲဒီအနီးဝန်းကျင်က ကြားရတယ်”ဟု ပြောသည်။

နာရီအနည်းငယ်ခန့်ပစ်ခတ်သံများထွက်ပေါ်လာပြီးနောက် ပင်လယ်ထဲရှိ စစ်ကောင်စီနေဗီများက ရဲတပ်ရင်း ၃၂ ပတ်ဝန်းကျင်နှင့် မင်းတက်တောင်လမ်းဖက်ကိုအမြောက်များဖြင့် ပစ်ခတ်နေသလို ဒရုန်းများဖြင့်လည်း ပစ်ကူက ပစ်ခတ်ပေးနေသည်ဟု သိရသည်။

“ထိတွေ့တိုက်ပွဲ ဖြစ်ပုံရတယ်။ ပစ်ခတ်သံတော့ထွက်ပေါ်တဲ့နောက် နေဗီကနေ ပစ်ကူပေးနေသံတွေကို ကြားရတယ်။ စကစဖက်ကတော့ ဒရုန်းနဲ့ရောလက်နက်ကြီးတွေပစ်ခတ်သံတွေကို ကြားရတယ်” ဟု ပြောသည်။ 

အကြမ်းဖက်မြန်မာစစ်တပ်က ခံစစ်ပြင်ဆင်ထားသည့် ရဲတပ်ရင်းပတ်ဝန်းကျင်၊ သစ်ပုတ်တောင် ပတ်ဝန်းကျင်နှင့် မလကျွန်း ပတ်ဝန်းကျင်တို့တွင် စစ်တပ်၏ ကာကင်းစစ်ကြောင်းများ လှည့်လည်နေပြီး အာရက္ခတပ်တော် (AA)နှင့် ထိတွေ့တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။

February 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး အချုပ်ကျကာ လွတ်ရက်စေ့၍ ပြန်ပို့ခံရသည့်...
February 26, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် စစ်ကော်မရှင်တပ်ရင်းများနှင့် နေဗီများက...
February 25, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဗုံးကြဲခံရမှုအတွင်း သေဆုံးသူအရပ်သား...
February 24, 2026
မောင်စာဂ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ နည်းပညာဌာနက အရပ်သားပြည်သူများအတွက်...