သျှမ်းပြည်ထဲ မြောက်ပိုင်းမဟာမိတ်ထိန်းချုပ် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပဟု စစ်ကော်မရှင်ကြေညာ

သျှမ်းပြည်ထဲ မြောက်ပိုင်းမဟာမိတ်ထိန်းချုပ် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပဟု စစ်ကော်မရှင်ကြေညာ

သျှမ်းပြည်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA နှင့် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်) တွင် UEC ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းလွှတ်တော်များအတွက် နိုင်သူအကုန်ယူ FPTP စနစ်ဖြင့် ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ် (၅၆) နယ်တွင် သျှမ်းပြည်မှ (၁၇) မြို့နယ် ပါဝင်သည်။

“ဒီမြို့နယ်တွေကို လက်လွှတ်ထားရတယ်လို့ ဝန်ခံလိုက်တဲ့ သဘောပါ။ ဒါပေမယ့် အခုဟာက နိုင်သူအကုန်ယူ စနစ်အတွက်ပဲ ဖြစ်လို့ အချိုးကျစနစ်နဲ့ တက်လာမယ့်သူ ရှိဦးမှာပဲ။ ဥပမာ -‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှာ မက်မန်းမြို့နယ် ကျန်သေးလို့ သူ့အတွက် ‘ဝ’နယ်တခုလုံး ကိုယ်စားပြု ရသွားမှာပဲ၊ ပလောင်နဲ့ ကိုးကန့်ကတော့ မယူတော့ဘူးဆိုတဲ့ သဘောပေါ့”ဟု သျှမ်းပြည်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုထဲတွင် ပြည်သူ့လွှတ်တော်နှင့် သျှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအတွက် ‘ဝ’ ပြည်

သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင် (၅) မြို့နယ်၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ထိန်းချုပ် မိုင်းလားမြို့နယ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ် မဘိမ်းမြို့နယ်တို့ ပါဝင်သည်။

အလားတူ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုးမိတ် (၆) မြို့နယ်၊ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်း (၄) မြို့နယ်တို့ ပါဝင်ကြောင်း UEC ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ပလောင်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်များတွင် အမျိုးသားလွှတ်တော်အတွက် နိုင်သူအကုန်ယူ FPTP စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထူးခြားချက်အနေဖြင့် TNLA ထိန်းချုပ်ထားပြီး စစ်ကော်မရှင်ထံ ပြန်လည်စွန့်လွှတ်မည်ဟု သတင်းထွက်ပေါ်နေသည့် ကျောက်မဲမြို့နှင့် သီပေါမြို့တို့မှာ ရွေးကောက်ပွဲ မကျင်းပမည့် စာရင်းထဲ မပါဝင်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရာတွင် ပါဝင်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

“စစ်တပ်က ပြန်ရထားတဲ့ နောင်ချိုနဲ့ လားရှိုးမှာ ရွေးကောက်ပွဲ ပထမပိုင်း လုပ်မယ်လို့ ကြေညာထားပြီးသား။ သူ့အတွက် နယ်မြေပိုရအောင် ကျောက်မဲနဲ့ သီပေါကတော့ ရအောင်ပြန်ယူမယ့် သဘောမှာရှိတယ်။ ပလောင်ကလည်း ပြန်ပေးမယ်လို့ သတင်းထွက်ထားတော့ ရွေးကောက်ပွဲလုပ်နိုင်ဖို့ သေချာသလောက် ဖြစ်သွားပြီ”ဟု အဆိုပါ နိုင်ငံရေးလေ့လာသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

တစ်နိုင်ငံလုံး နေရာမလပ် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည့် စစ်ကော်မရှင်လက်အောက်ခံ UEC သည် ပြည်သူ့လွှတ်တော် FPTP မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် ၇၅ နယ်နှင့် PR မဲဆန္ဒနယ် ၂၆ နယ်၊ ပြည်နယ်/တိုင်းလွှတ်တော် FPTP မဲဆန္ဒနယ် ၂၆၆ နယ်နှင့် PR မဲဆန္ဒနယ် ၄၂ နယ်၊ တိုင်းရင်းသားလူမျိုး FPTP မဲဆန္ဒနယ် ၂၉ နယ်တို့တွင် ရွေးကောက်ပွဲကျင်းပ ပြုလုပ်မည်ဟု ကြေညာထားသည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...