မြဝတီမြို့ကို စက်တင်ဘာ ၈ ရက်မှစ၍ အာဏာသိမ်း စစ်တပ်က မြို့ပေါ် အချက်အခြာကျရာ နေရာများကို ထိန်းချုပ်ပြီးနောက် ရပ်ကွက်များအတွင်း ညဘက်တွင် လူငယ်များ ပေါ်တာဆွဲခံရမှု ဖြစ်ပွားနေသည်ဟု မြို့ခံတို့က ပြောသည်။
မြဝတီမြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်ထောက်ခံသူများနှင့် ပျူစောထီး ဆိုသူများက စစ်တပ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပျံကျနေထိုင်သူ အများစုရှိနေသည့် နေရာများမှ လူငယ်၊ လူလတ်ပိုင်း များကို ပေါ်တာ ဖမ်းဆီးမှုများ ညပိုင်းတွင် လုပ်ဆောင်နေသည်ဟု မြို့ခံများက ယခုလိုပြောသည်။
“၉ ရက် ညက နေစဆွဲနေတာ၊ ပျူတွေ၊ ပြည်သူစစ်တွေ လမ်းပြပေါ့၊ အုပ်ကြီးတွေ၊ ရာအိမ်မှုးတွေ ပါနေတယ်၊ ၃ ရက် အတွင်းမှာယောက် ၂၀ လောက် ပါသွားတယ်။ ရဲစခန်း လူပျောက်တိုင်တာတို့ BGF နဲ့ လိုက်စုံစမ်းတာတို့ ငွေ နဲ့ ရွေးဖို့လုပ်တာတို့ မိသားစုကလိုက်တာဘဲ၊ မရဘူး။ မသိဘူး။ ဘယ်ခေါ်သွားမှန်း မသိဘူးချည်း ငြင်းတယ်” ဟု အခြေအနေ သိထားသူ မြဝတီ ဝါးတောရပ်ကွက် နေထိုင်နေသူတစ်ဦးက ပြောသည်။
လက်ရှိ မြဝတီမြို့တွင် ကျွန်းတော၊ သဲပုံဂိတ်၊ သရက်ပင်ဂိတ်၊ ကျောက်ဖျာ၊ ဖားခြောက်ကောင် အောက်ချိုင့်၊ ကြံခင်းကျွန်းတော၊ ၉၉၉ လုံးဝါးတော စသည့် နေရာများမှ လူငယ်များ ပေါ်တာဆွဲခံရမှုများ ဖြစ်ပေါ်နေသည်ဟု မြို့ခံတို့က ပြောသည်။
ထို့အပြင် ဟေမာန်ဦး၊ အောင်မြေရွှေဘုံ၊ မြေနီကုန်း၊ ရွှေမြစန္ဒီ ရပ်ကွက်များတွင် နေရာစုံမှ ရွေ့ပြောင်းအခြေချ နေထိုင် လုပ်ကိုင်စားသောက်ကြသည့် ပျံကျလက်လုပ်လက်စား မိသားစုဝင် လူငယ်၊ လူလတ် ပိုင်းအရွယ်များကို အားစစ်မှုထမ်း စစ်သားသစ်အဖြစ် ပေါ်တာဖမ်းဆီးမှု့များ ဆက်တိုက်လုပ်ဆောင် နေကြောင်း သိရသည်။
“အခု စစ်တပ်မြို့ထဲ ရောက်လာတော့ ပိုဆိုးလာတယ်၊ အရင်က ရပ်ကွက်အုပ်ကြီးနဲ့ မဘသ၊ ပျူခေါင်းဆောင်တွေ ပေါ်တာဖမ်းပြီး၂၇၅ ကို ပို့တယ်၊ အဲ့ကနေ BGF တပ်ဘက်က စစ်သင်တန်းကွင်းမှာ စစ်သင်တန်းပေးတယ်။ ပြီး တော့ စစ်သားလုပ်ခိုင်းတာပေါ့နော်။ ပြန်ရွေးတာ လူစားထည့်တာဆို သိန်း ၅၀ အထက်တောင်းတယ်” ဟု မြဝတီ မြို့ကျွန်းတောရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီမြို့တွင်း ဝင်ရောက်တပ်စွဲပြီးနောက် စစ်တပ်နှင့် ပူးပေါင်းထားသည့် ကရင်လက်နက်ကိုင်အဖွဲ့ဝင်များ စစ်တပ်၊ဌာနဆိုင်ရာအဖွဲ့ အစည်းများနှင့်ပူးပေါင်းကာ ယခင်ကဲ့သို့ စနေနေ့တိုင်း စုပေါင်းသန့် ရှင်းရေး လုပ်ဆောင်နေသည်ဟု မြို့ခံတို့က ပြောသည်။ ထို့အပြင် စစ်ဘေးရှောင်များကို စားသောက် ကုန်များ ဖြန့်ဝေပေးခြင်း တို့ကိုလည်း ပူးပေါင်းလုပ်ဆောင်နေသည်ဟု သိရသည်။







