စစ်ကော်မရှင် ဖိအားကြောင့် ဖောင်တော်ဦး ဘုရားပွဲ ကျင်းပရခြင်း ဖြစ်

စစ်ကော်မရှင် ဖိအားကြောင့် ဖောင်တော်ဦး ဘုရားပွဲ ကျင်းပရခြင်း ဖြစ်
Photo credit - CJ
Photo credit - CJ

ဖောင်တော်ဦး ဘုရားပွဲ ကျင်းပရခြင်းမှာ စစ်ကော်မရှင် ဖိအားကြောင့် ဖြစ်သည်ဟုဆို ဒေသခံပြည်သူများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ အပူဇော်ခံပွဲ အား စစ်ကော်မရှင် ဦးဆောင်မှုဖြင့် ကျင်းပရန် စတင်ပြင်ဆင်နေပြီဟု ဘုရားအနီး နေထိုင်သူများက ပြောသည်။

စစ်ကော်မရှင် လက်အောက်ခံ ညောင်ရွှေမြို့နယ် ထွေအုပ်၊ ၎င်းတို့ လက်ဝေခံ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) နှင့် စစ်ကော်မရှင်ခန့် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်း တို့မှ ဦးဆောင်၍ ကျင်းပသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

ဒေသတွင်း တက်ကြွလှုပ်ရှားနေသည့် အင်းလေးအမျိုး သမီးသမဂ္ဂအဖွဲ့ (IWU) အတွင်းရေးမှူး မကြိုးကြာက “ဒီမှာတော့ ဖောင်တော်ဦးဘုရားက အရင်လို ပြင်ဆင်လို့ မပြီးသေးဘူးပေါ့နော်။ မတ်လတုန်းက အင်းလေးမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဘုရားရင်ပြင်နဲ့ ဖောင်တော်ထားတဲ့ အဆောက်အဦး ပျက်စီးသွားခဲ့တယ်ပေါ့။ ဒါပေမယ့် တစ်ကျောင်းလုံး ပျက်စီးသွားတာ မဟုတ်တော့ ဘုရားပွဲက ကျင်းပလို့ ရတယ်ပေါ့။ ဒါပေမယ့် ဘုရား ကြွပါတဲ့ ၂၁ ဌာန တချို့ ဘုရားကျိန်းကျောင်းတွေ ဆိုရင် ပြင်လို့ မပြီးသေးဘူးလို့ သိရတယ်ပေါ့နော်” ဟု ပြော သည်။

ဘုရားပွဲတော် ကျင်းပရခြင်းမှာ စစ်ကော်မရှင်က ရွေးကော်ပွဲအတွက် မဲဆွယ်ခြင်းနှင့် ပွဲကန်ထရိုက်ဆွဲသူများက လောင်းကစားဝိုင်း ကျင်းပရန်အတွက်သာ ဖြစ်သည်ဟု ဆိုသည်။

အင်းလေး PDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ရွာတိုင်းရွာတိုင်းမှာ သူတို့ကို ထောက်ခံအားပေးတဲ့ လူနည်းစု ရှိတယ်ပေါ့။ အဲဒီ လူနည်းစုကနေ တက်တက်ကြွကြွ လုပ်ပြီးတော့ သူတို့ကို မထောက်ခံတဲ့ လူများစု ကို အတင်းအကြပ် ခိုင်းစေပြီးတော့ ပြီးတော့ မထွက်မနေရ မပါဝင် မနေရဆိုတဲ့ ပုံစံမျိုးနဲ့ အတင်းအကြပ် လုပ်ခိုင်းတာမျိုးတော့ ကြားနေရတယ်ဗျ” ဟု ပြောသည်။

အင်းလေးဒေသ၌ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလက ရေဘေးအပြင် ယခုနှစ် မတ်လတွင်လည်း ငလျင်ဒဏ်ကြောင့် လူနေအိမ် ရာချီ ပျက်စီးခဲ့ရပြီး လူပေါင်း ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရသည်။

ထို့အပြင် လက်ရှိ ကာလ၌လည်း ပျက်စီးသွားသည့် နေအိမ်များ ပြန်လည် တည်ဆောက်ရန် မပြီးစီးသေးသည့် အပြင် ခရီးသွား ဧည့်သည်များလည်း မလာရောက်နိုင်သေးသဖြင့် ပွဲတော်ကျင်းပမည် ဆိုပါက ငွေကြေးခက်ခဲမှု ရှိနိုင်သည်ဟု ဒေသခံများက ဆိုသည်။

ဖောင်တော်ဦးဘုရား အနီး သာလေးကျေးရွာအုပ်စုတွင် နေထိုင်သူ တစ်ဦးက “ဘုရားတောင်ဘက်ဆိုင်တွေ ရေကျန်သေးတယ်။ ဒီရက်ပိုင်း မိုးထပ်ရွာတော့ ရေသာထပ်တက်ရင် အားလုံး ဒုက္ခရောက်ကုန်မယ်။ ပွဲဖြစ်လို့ လည်း ပိုက်ဆံရှာရတာ မဟုတ်ဘူး။ ရေမြုပ်နေရင် ရပ်ဝေးက ဧည့်သည်တွေ လာလို့မရဘူး” ဟု ပြောသည်။

အင်းလေးဒေသ၌ စစ်ကော်မရှင်တပ်က စစ်မှုထမ်းကို လစဉ်ခေါ်ယူလေ့ရှိပြီး ယခု ဘုရားပွဲတော် အကြောင်းပြု၍ စစ်မှုထမ်းအတွက် ပေါ်တာ ဆွဲမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

ဖောင်တော်ဦး ဘုရားပွဲအား လာမည့် သီတင်းကျွတ် လဆန်း ၁ ရက် (စက်တင်ဘာလ ၂၂ ရက်နေ့) မှ စတင်၍ သီတင်းကျွတ် လပြည့်ကျော် ၃ ရက် (အောက်တိုဘာလ ၉ ရက်နေ့) အထိ ကျင်းပမည်ဖြစ်ပြီး စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က လုံခြုံရေး တာဝန်ယူသွားမည်ဟု ဒေသခံများက ပြောသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...