ကရင်နီပြည်မှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ရှောင်ဦးရေ ၃ သောင်း ထပ်မံတိုးလာပြီး အကူအညီ လိုအပ်ချက်တွေ များပြားနေ

ကရင်နီပြည်မှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ရှောင်ဦးရေ ၃ သောင်း ထပ်မံတိုးလာပြီး အကူအညီ လိုအပ်ချက်တွေ များပြားနေ
Photo credit - CTER - Karenni
Photo credit - CTER - Karenni

ရှမ်း - ကရင်နီနယ်စပ် နဲ့ ဖယ်ခုံမြို့နယ်အရှေ့ဖက်ကမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကြောင့် ဒေသခံလူထုတွေ ထွက်ပြေးတိမ်းရှောင်ရပြီး ၂၀၂၅ ခုနှစ်အတွင်းမှာပဲ စစ်ရှောင်ဦးရေ ၃ သောင်း ထပ်မံတိုးလာတာကြောင့် အကူအညီ လိုအပ်ချက်တွေ များပြားနေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

“လောလောဆယ်ကတော့ ကျနော်တို့ ခန့်မှန်းတာကတော့ ၃ သောင်း ဖြစ်နိုင်ချေရှိတာပေါ့နော်။ အဓိကကတော့ ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရယ်၊ လွိုင်ကော်မြို့နယ် အနောက်ဖက်ခြမ်းရယ်၊ နောက်ပြီးတော့ မော်ချီးဒေသရယ်၊ ပြီးတော့ နန်းမယ်ခုံမြို့နယ်ပေါ့နော် အဲ့လိုမျိုးရှိပါတယ်။”လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး - ၂ ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့ကတည်းက တိမ်းရှောင်ခဲ့ကြတဲ့ ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်းက စစ်ရှောင်လူထုတွေ၊ နန်းမယ်ခုံမြို့နယ်အတွင်းက တိမ်းရှောင်တဲ့ လူထုနဲ့ ဒီးမော့ဆိုမြို့နယ်အတွင်း ကျေးရွာတချို့က တိမ်းရှောင်တဲ့ လူထုတွေအတွက် အကူအညီ လိုအပ်နေတာပါ။

စစ်ရှောင်ဦးရေတိုးလာတာဟာ စစ်ကော်မရှင်ရဲ့ နယ်မြေပြန်လည်ထိန်းချုပ်နိုင်မှုတွေ၊ ထိုးစစ်ဆင်မှုတွေကြောင့် ဖြစ်တယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေတဲ့ CTER-Karenni အသင်းဝင်တစ်ဦးက အခုလို ပြောပါတယ်။

“၂၀၂၅ အစောပိုင်းမှာ စစ်ကော်မရှင် ဖက်ကနေမှ မိုးဗြဲမြို့ကို ပြန်ထိန်းနိုင်တယ်၊ ဒီးမော့ဆိုအထိ ဝင်ရောက်နိုင်တာပေါ့။ ဆိုတော့ စစ်ရှောင်ဦးရေ တိုးတယ်ဆိုတာ ရွာမှာ ပြန်နေနိုင်ကြတဲ့ လူထုတွေက စစ်ပြန်ရှောင်နေရတဲ့အခြေအနေမျိုးမို့ တိုးလာတာပေါ့။” လို့ CTER-Karenni အသင်းဝင်တစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေဟာ ကရင်နီပြည်ရဲ့ မြို့နယ်အသီးသီးမှာ နေရာပြန့်ကျဲကာ စစ်ဘေးရှောင်နေကြပြီး မိုးရာသီကာလဖြစ်တာကြောင့် အမိုးအကာ အဓိက လိုအပ်နေပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အဖက်ဖက်က လိုအပ်ချက်တွေ များပြားနေဆဲဖြစ်သလို နေရပ် မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းမှာ ကာလရှည်ကြာစွာ နေရတဲ့ လူထုတွေက ပိုမိုကြပ်တည်းလာကြတယ်လို့ ဆိုပါတယ်။

“လိုအပ်ချက်တွေကတော့ ပြောလို့မကုန်နိုင်ဘူးပေါ့နော။ အဓိကကတော့ ဆန်ပါပဲ။ အလှူမရတော့တဲ့အချိန်ဆို တစ်နေ့အလုပ်လုပ်မှ ထမင်းစားရတဲ့သူလည်း ရှိတယ်။” လို့ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ်အထိ IEC ရဲ့ ကောက်ယူထားတဲ့စာရင်းအရ ကရင်နီပြည်တွင်းမှာ စစ်ရှောင် ဦးရေ ၂ သိန်းခွဲဝန်းကျင်နဲ့ စစ်ရှောင်စခန်းပေါင်း (၄၅၀) ဝန်းကျင် ရှိပါတယ်။

Most read this week

September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...