မွန်ပြည်နယ်မှာ စစ်တပ်နဲ့ ရဲသတင်းပေးတွေ ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကမှု ပိုဆိုးလာ

မွန်ပြည်နယ်မှာ စစ်တပ်နဲ့ ရဲသတင်းပေးတွေ ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကမှု ပိုဆိုးလာ
Photo credit - MOI/CJ
Photo credit - MOI/CJ

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို သတင်းပေး လုပ်ဆောင်နေတဲ့ ဒေသအခေါ် ဒလန်တွေဟာ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျမှု ပိုမို ဆိုးရွားလာတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီသတင်းပေးတွေဟာ ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း ရပ်ကွက်နဲ့ ကျေးရွာတွေမှာ မသင်္ကာတဲ့လူတွေ တွေ့ရှိပါက ချက်ချင်းအကြောင်းကြားဖို့ စစ်ကော်မရှင်က ညွှန်ကြားပြီးနောက် ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျမှု ပိုဆိုးလာတာ ဖြစ်ပါတယ်။

ဒေသတွင်းမှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့သတင်းပေးတွေဟာ ဒေသခံတွေကို နည်းအမျိုးမျိုးနဲ့ ငွေညှစ်တာ၊ ထိုင်းကုန်ပစ္စည်း တွေ့ရုံနဲ့ တရားမဝင် ကုန်စည်တွေဆိုပြီး သိမ်းဆည်းခိုင်းတာတွေအပြင် မသင်္ကာသူတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခိုင်းတာတွေ လုပ်ဆောင်လာတာပါ။

မုဒုံမြို့ခံတစ်ဦးကတော့ သတင်းပေးတွေဟာ အခုနောက်ပိုင်း ထိုင်းနိုင်ငံကို အလုပ်သွားလုပ်မယ့် လူတွေကအစ ငွေကြေးတောင်းခံတာ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီသတင်းပေးတွေက ဆိုင်ကယ်တွေနဲ့ သွားပြီးတော့ တောင်းတာတွေ ရှိကြတယ်။ အခုဆိုလို့ ရှိရင် ယိုးဒယားဘက်ကလာတဲ့ ကုန်တွေဆိုလို့ရှိရင် စံပယ်ဂူတံတားကနေ ဖြတ်မရတော့ ဒီဘက်ချောင်းဖြတ် ဇက်နဲ့ ဖြတ်ရတယ်လေ။ ဇက်နဲ့ ဖြတ်ရတော့ အဲဒီကနေပြီးတော့တဆင့် ပြန်ကဲ့တဲ့ ကားတွေရော ငွေကြေး

တောင်းခံရတာရှိတယ်။ သတင်းပေးတွေကတော့ နောက်ဆုံးယိုးဒယားကို သွားမယ့် လူတွေကိုတောင်မှ ပိုက်ဆံတောင်းတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ သတင်းပေးတွေဟာ ငွေကြေးတောင်းခံတဲ့နေရာမှာ တစ်ဦးတည်း တောင်းခံတာနဲ့ အုပ်စုအလိုက် တောင်းခံတာတွေ ရှိနေပြီး ငွေကြေးမပေးပါက ဖမ်းဆီးခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

မော်လမြိုင်မြို့ ခံတစ်ဦးကလည်း သတင်းပေးတွေဟာ ဒေသတွင်းမှာ ပိုပြီး လူပါးဝလာတဲ့အပြင် သူတို့ကို ကြည့်ရင်တောင်မှ ဝိုင်းထိုး ဝိုင်းရိုက်တာတွေ ပြုလုပ်ကြပေမယ့် ဘယ်သူ့ကိုမှ တိုင်လို့ မရဘူးလို့ ပြောပါတယ်။

“ရဲသတင်းပေးတွေ ခေတ်စကားနဲ့ ပြောရင် ဒလန်တွေပေါ့။ ဒီကောင်တွေက ပိုပြီးတော့ လူပါးဝတယ်။ ပိုပြီးတော့ ပြဿနာရှာတယ်။ အခုက ဒီကောင်တွေ ဘယ်လောက်ထိ လွန်လာလဲဆို မနေ့ကဆိုရင် ကျွန်တော်တို့ လမ်းဆုံတွေမှာ ရဲသတင်းပေးတွေနဲ့ ပျူစောထီးတွေကြီးပဲ ဆိုင်ကယ်ဖမ်းတယ်။ လိုင်စင်မဲ့လည်း ဖမ်းတယ်။ လိုင်စင်စစ်တယ်။ အမျိုးမျိုး ပြဿနာ ရှာတယ်။ ပိုက်ဆံတွေ တောင်းတယ်။ အခုက ပိုဆိုးတယ်။ သူတို့ကို ကြည့်ရင်တောင်မှ ဘာကြည့်လဲဆိုပြီး ပြဿနာရှာ ဝိုင်းထိုး ဝိုင်းရိုက်လုပ်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့သတင်းပေးတွေဟာ လူငယ်တွေကို မသင်္ကာလို့ဆိုကာ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီး ခိုင်းတာတွေ လုပ်ဆောင်နေသလို တဖက်မှာလည်း KTV၊ စားသောက်ဆိုင်၊ စတိုးဆိုင်အပြင် တခြားဈေးဆိုင်တွေကအစ နည်းအမျိုးမျိုးနဲ့ ငွေကြေးတောင်းခံ တာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို သတင်းပေးတွေက အကြောင်းပြချက် အမျိုးမျိုးနဲ့ ငွေကြေးတောင်းခံတဲ့အပေါ် တိုင်ကြားပါကလည်း စစ်ကော်မရှင် လက်အောက်ခံတွေက အရေးယူပေးတာမရှိတဲ့အပြင် သတင်းပေးတွေရဲ့ အညှိအတေး ထားတာတွေကိုပါ ခံရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အရင်က ဒေသတွင်းမှာ သတင်းပေးတွေကို တော်လှန်ရေးအင်အားစုတွေက ပျောက်ကြားစနစ်နဲ့ ဒလန်ရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် သတင်းပေးအများစု ပေါ်ပေါ်တင်တင် မလုပ်ရဲကြပေမယ့် အခုနောက်ပိုင်းမှာ တဖန် ခေါင်းပြန်ထောင်လာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ သတင်ပေး ရာနဲ့ချီ ရှင်းလင်းခံထားရပြီး အများစုဟာ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ဒေသတွေမှာ ရှင်းလင်းခံထားရပါတယ်။

ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...