ဘီးလင်းတွင် နာမည်ဆိုးထွက်သည့် အုပ်ချုပ်ရေးမှူး သေနတ်ပစ်သတ်ခံရပြီး သေဆုံး

ဘီးလင်းတွင် နာမည်ဆိုးထွက်သည့် အုပ်ချုပ်ရေးမှူး သေနတ်ပစ်သတ်ခံရပြီး သေဆုံး
Photo credit - CJ
Photo credit - CJ

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဆန်းနိုင် စက်တင်ဘာလ (၆) ရက်နေ့ ညပိုင်းက အလူးရွာ အထပ်သားစက်ရုံနေရာ၌ရှိနေစဥ် အမည်မသိ လက်နက်ကိုင်များထံမှ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်အပြင် အလူးရွာအနီးရှိ အထပ်သားစက်ရုံ၌ ဆေးမှူးအဖြစ်လည်း လုပ်ကိုင်သည့် ဦးဆန်းနိုင်အား ထိုနေ့ ည (၈) နာရီဝန်းကျင်က အမည်မသိလက်နက်ကိုင်များမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်း ဖြစ်သည်။

“စက်ရုံမှာ အဆောင်တွေရှိတယ်။ သူက အဲ့မှာနေတာပေါ့။ ဆေးရုံတောင် မရောက်လိုက်ဘူး။ နေရာ တင်ပွဲချင်းပြီးပဲ။ သူက သေနတ်လည်း ကိုင်တယ်။ တပ်ထွက်၊ ပြီးတော့ ပျူစောထီးပေါ့။ ရပ်ကွက် ထဲမှာလည်း နာမည်မကောင်းဘူး။ မိန်းကလေးတွေကို ထိကပါး ရိကပါးလုပ်တာတို့ ဘာတို့ ခံရတဲ့သူက မတိုင်ရဲတာ” ဟု ဘီးလင်းဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဦးဆန်းနိုင်မှာ အထပ်သားစက်ရုံရှိ အလုပ်သမားများအား ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းအပြင် ရပ်ကွက် အတွင်း ကြီးနိုင်ငယ်ညှဉ်းသူ၊ မုဒိမ်းမှုကျူးလွန်သူဟူ၍ နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကြောင်းလည်း မြို့ခံအချို့က ဆိုသည်။

ဘီးလင်းမြို့နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) သထုံခရိုင်အတွင်းရှိ၍ ကရင်လက်နက်ကိုင်များအပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် မွန်ပြည်နယ်အခြေစိုက် လက်နက်ကိုင် များလှုပ်ရှားသည့် နယ်မြေအတွင်းလည်းပါဝင်သည်။

ဦးဆန်းနိုင်ပစ်ခတ်ခံရခြင်းနှင့်ပတ်သက်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်ကြောင်း ထုတ်ပြန်ချက်မရှိပေ။

အမည်မဖော်လိုသူ ကေအဲန်ယူ တပ်မဟာ (၁) တာဝန်ရှိသူတစ်ဦးက “ဦးဆန်းနိုင်ဆိုတာ ခါးမှာသေနတ် တစ်လက်နဲ့ သွားလာနေတဲ့လူ။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပေါ့။ ရပ်ကွက်သူ ရပ်ကွက်သားတွေကိုလည်း အနိုင်ကျင့်တော့ လူတွေက သူ့ကို ကြောက်ရတယ်” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်ပိုင်း အတင်းအကြပ် စစ်မှုထမ်း သင်တန်းပို့ဆောင်မှုများကြောင့် တော်လှန်ရေးအင်အားစုများက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား သတိပေးမှုများလုပ်ဆောင်လေ့ရှိပြီး နာမည်ဆိုးရှိနေသည့် အုပ်ချုပ်ရေးမှူးအချို့ ပစ်ခတ်ရှင်းလင်းခံရသည့် ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

ရပ်ကွက်ပေါင်း(၁၀၀) ကျေးရွာအုပ်စု (၃၀၀)ကျော်နှင့် ရွာပေါင်း ၁ ထောင်ကျော်ရှိနေသည့် မွန်ပြည် နယ်တွင် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်သူအများစုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေး ကောင်စီအဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းများဖြစ်သည်ဟု မွန်ပြည်နယ် ဒေသသတင်း အရင်းအမြစ်များက ဆိုသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...