ရွာငံတွင် လာရောက်တပ်စွဲထားသော စစ်ကော်မရှင် တပ်သားတစ်ဦးထွက်ပြေး

ရွာငံတွင် လာရောက်တပ်စွဲထားသော စစ်ကော်မရှင် တပ်သားတစ်ဦးထွက်ပြေး
Photo credit - CJ
Photo credit - CJ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုတွင် လာရောက်တပ်စွဲထားသော စစ်ကော်မရှင် တပ်သားတစ်ဦး ထွက်ပြေးသွားသဖြင့် အပူတပြင်း ရှာဖွေမှုများလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

 ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုသို့  စစ်ကော်မရှင် အင်အား ၅၀ ခန့် လာရောက်တပ်စွဲထားရာမှ ထိုတပ်ဖွဲ့မှ တပ်သားတစ်ဦးသည် ဈေးဝယ်ထွက်မည်ဟုဆိုကာ ထွက်ပြေးသွားသောကြောင့် အနီးနားကျေးရွာများတွင် စစ်ကော်မရှင်တပ်ဖွဲ့မှ အပူတပြင်းရှာဖွေနေသည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။

“သူတို့တပ်လာစွဲထားတာ တစ်ပတ်လောက်ရှိပြီ။ ခုထိတပ်စွဲထားတုန်းပဲ။ သူတို့အဖွဲ့ထဲက တစ်ယောက် ထွက်ပြေးသွားလို့ ရွာထဲပတ်ရှာနေတာ။ ရွာထဲကလူတချို့ကိုလည်း စစ်ဆေး မေးမြန်းတာတွေရှိတယ်။ တခြားရွာတွေလည်း သူတို့တွေ လိုက်ရှာနေကြတယ်။” ဟု စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကော်မရှင်တပ်သားတစ်ဦး ထွက်ပြေးသွားသောကြောင့် အနီးနားတောစပ်နားတွင်လည်း လက်နက်ကြီးများပစ်ခတ်ခြင်း ဒေသခံများကို အသွားလာ ကန့်သတ်ထားခြင်းများ ပြုလုပ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကော်မရှင်တပ်များက ကျေးရွာအတွင်းဝင်ရောက် ရှာဖွေမှုများကြောင့် ဒေသခံများကြောက်လန့်နေကြပြီး လူစိမ်းဆိုလျှင်လက်မခံ ထားရဲတော့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ညအချိန်လည်း စစ်သားတွေက လမ်းကြားထဲမှာ လှည့်ပတ်ကြည့်နေတာ။ လေသံတောင် ကျယ်ကျယ် မပြောရဲဘူး။ သူတို့ကိုကြောက်နေရတာ။ PDFအဖွဲ့ကိုလည်း ကြောက်ရ၊ ဒီစစ်ကော်မရှင်တပ်သားတွေကိုလည်း ကြောက်ရနဲ့ နေရစားရတာ မလုံခြုံတော့ဘူး။”ဟု အဆိုပါ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်တွင် စစ်ကော်မရှင်တပ်မှ ရွာငံမြို့ မြောက်ဘက်ကျေးရွာနှင့် တောတောင်ဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ဂျက်ဖိုက်တာတစ်စီးဖြင့် လှည့်ပတ်ကြည့်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ်၊ ရနဲကျေးရွာ အုပ်စု မင်းပလောင်ကျေးရွာတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်တပ်မှ မီးရှိုဖျက်ဆီးခဲ့သည်။

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...