ရခိုင်မှတဆင့် အိန္ဒိယသို့သွားမည့်ပြည်သူများကို AA က ယာယီနယ်စပ်ဖြတ်ကျော်ကတ် ထုတ်ပေး

ရခိုင်မှတဆင့် အိန္ဒိယသို့သွားမည့်ပြည်သူများကို AA က ယာယီနယ်စပ်ဖြတ်ကျော်ကတ် ထုတ်ပေး

ရခိုင်ပြည်မှတဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်သို့ သွားရောက်ကြမည့် ပြည်သူများကို အာရက္ခတပ်တော်(AA)က ယာယီနယ်စပ် ဖြတ်ကျော်ကတ်အား ထုတ်ပေးနေပြီဟု သိရသည်။

အဆိုပါကတ်ကို ပြီးခဲ့သည့်သြဂုတ်လအတွင်းမှစတင်ကာ ထုတ်ပေးနေခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ သွားရောက်မည့် ပြည်သူများအဆင်ပြေစေရန်အတွက် ယခုကဲ့သို့ထုတ်ပေးရခြင်းဖြစ်သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အတွင်းသို့ ဆေးဝါးကုသရန်၊ ကုန်ရောင်းကုန်ဝယ်ရန် သွားရောက်ရန်နှင့် အခြားကိစ္စများ ကြောင့်သွားရောက်ကြမည့်သူများအနေဖြင့် ပလက်ဝမြို့နယ်တွင်ဖွင့်လှစ်ထားသည့် အာရက္ခ ပြည်သူ့ တော်လှန်ရေးအစိုးရ လက်အောက်ခံ နယ်စပ်ဆက်ဆံရေးရုံးတွင် အဆိုပါယာယီနယ်စပ်ဖြတ်ကျော်ကတ်ကို မဖြစ်မနေ ထုတ်ယူရမည်ဟု အဆိုပါရုံးက ထုတ်ပြန်ထားသည့် အသိပေးထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်မှစတင်ကာ ရခိုင်မှတဆင့် မီဇိုရမ်ပြည်နယ်သို့သွားရောက်သူများအနေဖြင့် မည်သည့် အထောက်အထားမှ ယူဆောင်ရန်မလိုခဲ့သော်လည်း လက်ရှိတွင် ယာယီနယ်စပ်ဖြတ်ကျော် ကတ်ဖြင့်သာ သွားရောက်ကြရန် AA က ထုတ်ပြန်လာခြင်းဖြစ်သည်။

မီဇိုရမ်သို့သွားရောက်ကုန်ကူးနေသည့် ကုန်သည်တစ်ဦးက “အရင်ကတော့ ဘာမှမလိုဘဲ သွားလို့ရခဲ့တယ်။ အခုမှ AA က ဒီကတ်ကို ထုတ်ပေးလာတာ။ ဘာပဲဖြစ်ဖြစ် အသိအမှတ်ပြုအထောက်အထားတစ်ခုခုပါရင်တော့ သွားရေးလာရေးမှာ ကောင်းတာပေါ့ဗျာ”ဟု ပြောသည်။

အဆိုပါကတ်သက်တမ်းမှာ ၇ ရက်သာရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက်ထက် ကျော်လွန်သွားပါက နယ်စပ်ဆက်ဆံရေးရုံးနှင့် စစ်ဆေးရေးဂိတ်များတွင် အကျိုးအကြောင်းပြောပြ၍ ရကြောင်းလည်း ကုန်သည်များက ပြောသည်။

အိန္ဒိယနိုင်ငံ၌ ကုန်ပစ္စည်းဝယ်ယူရာတွင် အဆင်ပြေစေရန်နှင့် ငွေကြေးလိမ်လည်မှုများ မဖြစ်ပေါ်စေရန် ကြိုတင်၍ ဆောင်ရန် /ရှောင်ရန် အချက်များမှာ ပစ္စည်းများလက်ထဲသို့မရောက်ခင် ငွေအပြီးရှင်းခြင်းအား ရှောင်ကြဉ်ရန်၊ ငွေပေးချေရာ၌ စရံငွေအား အတက်နိင်ဆုံး လျှော့ချ၍ ပေးကြရန်၊ ငွေအပြီးပေးချေမှုများအား စာရွက်စာတမ်း အထောက်အထား ပြုလုပ်ပြီး မှတ်တမ်းဓါတ်ပုံများ ယူထားကြရမည်ဟု နယ်စပ်ဆက်ဆံရေးရုံးက ထုတ်ပြန်ထားသည့် အသိပေးထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

“ကုန်သွားရောက်ကူးသူများအနေဖြင့် ဆိုင်ရှင် (သို့) ပွဲစားများ၏ အကြောင်းကို ကြိုတင်လေ့လာထားပြီး သူတို့၏ ဖုန်းနံပါတ်၊ နိုင်ငံသားကဒ်၊ အမြဲတမ်းနေရပ်လိပ်စာ စသည်များကို မှတ်တမ်းများ ယူထားကြရန်နှင့် ပွဲစားများသည် အိန္ဒိယ နိုင်ငံသား ဟုတ်/ မဟုတ် ခိုင်မာသော ပိုင်ဆိုင်မှုအထောက်အထား ရှိ/မရှိ လေ့လာစစ်ဆေးရန်လည်း လိုအပ်သည်”ဟု ဆိုသည်။

ကုန်ပစ္စည်းဝယ်ယူရာတွင် (သို့) ကားနှင့် စက်လှေများ ငှားဆောင်ရာတွင်လည်း ဈေးကွက်ဖျက်မှုများရှိပါက နီးစပ်ရာ ရုံးများသို့ တိုင်ကြားနိုင်သည်ဟုလည်း ဖော်ပြထားသည်။

"ကုန်သည်များ ကားငှားကြရာတွင် ကားနံပါတ်၊ ကားလိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်မောင်းသူနှင့် ကားဓာတ်ပုံများကို မှတ်တမ်း ယူထားကြရန်၊ ကုန်သည်များအနေဖြင့် ကုန်ပစည်းများ ဝယ်ယူခြင်း ကား/လှေများ ငှားရန်းခြင်းများတွင် ပုံမှန်ဈေးနှုန်းထက် အပိုပေး၍ ဈေးကွက်ဖျက်ခြင်းများ ပြုလုပ်ကြောင်း တွေ့ရှိပါက နီးစပ်ရာ သက်ဆိုင်ရာရုံးများသို့ အထောက်အထားနှင့် တိုင်ကြားနိုင်သည်"ဟုလည်း အသိပေးထားသည်။

ထို့အပြင် ကုန်သည်များအနေဖြင့် ပစ္စည်းသယ်ယူရာလမ်းတလျှောက် ငွေးကြေးမတရားကောက်ခံမှုများ ကြုံတွေ့ရပါက အချိန်နှင့်နေရာ၊ ရက်စွဲ၊ မှတ်တမ်းဓာတ်ပုံများ စနစ်တကျ ရယူထားပြီး နယ်စပ်စစ်ဆေးရေးရုံးသို့ အကြောင်းကြားပေးကြရန်၊ တဖက်နိုင်ငံနယ်စပ်ဒေသ၌ လတ်တလောဖြစ်ပေါ်နေသော အခြေနေများအား လေ့လာထားကြရန်နှင့် ရခိုင်ကုန်သည် အချင်းချင်း မျှဝေပေးကြဖို့လည်း တိုက်တွန်းထားသည်။

ဆေးကုသလူနာများအနေဖြင့်လည်း မိမိလာရောက်ကုသမည့် မြို့များ၏ ဆေးရုံးများကို ကြိုတင်လေ့လာခြင်းများ ပြုလုပ်ထားကြရန်၊ ဆေးခန်းမပြမီ ဘာသာပြန်များကို ကြိုတင်ငှားရမ်းထားကြရန်၊ မိမိတည်းခိုမည့် နေရာကိုကြိုတင်စုံစမ်းခြင်းနှင့် တဖက်နိုင်ငံ၏ ငွေကြေးအား ကြိုတင်လှဲလှယ်ထားခြင်း များပြုလုပ်ကြရန်၊ ဆေးကုသသည့် လူနာအချင်းချင်း ရိုင်းပင်းကူညီပေးကြရန်လည်း အသိပေးထားသည်။

"မီဇိုရမ်ပြည်နယ်အတွင်း ငွေကြေးလိမ်လည်ခံရမှုများ၊ ကားသမားများမှ နိုင်ထက်စီးနင်းပြုမူခြင်း၊ မူးယစ်ဆေး သုံးစွဲပြီး ကားမောင်းနှင်ခြင်းများ၊ အရေးပေါ် ကျန်းမာရေးကိစ္စများနှင့် သာရေး/နာရေး ကိစ္စများ၊ တရားမဝင် ငွေကြေးကောက်ခံမှုများ၊ ကုန်သည်များမှ ဈေးကွက်ဖျက် ဝယ်ယူ/ ငှားရမ်းမှုများ၊ အခြားအရေးပေါ် ကိစ္စရပ်များ ပေါ်ပေါက်လာပါက အကြောင်းကြားနိုင်သည်" ဟုလည်း နယ်စပ်ဆက်ဆံရေးရုံးက ဆိုထားသည်။

အိန္ဒိယနိုင်ငံအတွင်းသို့ နယ်ခြားကို ဖြတ်ကျော်လျက် ဝင်ရောက်သူများအနေဖြင့် အိန္ဒိယနိုင်ငံငွေကိုသာ သုံးစွဲကြရန်၊ တရားမဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သည့် ဆေးဝါးများကို သုံးစွဲ၊ သယ်ယူ၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရသည့်အပြင် မီဇိုရမ်ပြည်နယ်အတွင်း အရက်သောက်ခွင့်ကို တားမြစ်ထားသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၏ ဥပဒေများနှင့် ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို လေးစားလိုက်နာရမည်ဖြစ်ပြီး ယခုသတ်မှတ်ထားချက်များကို တိတိကျကျ လိုက်နာရမည်ဟုလည်း ဖော်ပြထားသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...