ကန်ပက်လက်ကိုဖြတ်ပြီး ပလက်ဝမြို့နယ်ဘက်ကို ကုန်ပစ္စည်းသယ်ယူတာကိုသာ ပိတ်ပင်ထားတာလို့ ဆိုင်ကယ် ကယ်ရီသမားတွေက ပြော

ကန်ပက်လက်ကိုဖြတ်ပြီး ပလက်ဝမြို့နယ်ဘက်ကို ကုန်ပစ္စည်းသယ်ယူတာကိုသာ ပိတ်ပင်ထားတာလို့ ဆိုင်ကယ် ကယ်ရီသမားတွေက ပြော
Photo - CJ
Photo - CJ

မကွေးတိုင်းကနေ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ကိုဖြတ်ပြီး ပလက်ဝမြို့နယ်၊ ဒိုင်ရ်နယ်ဘက် ကုန်ပစ္စည်းသယ်ကြတဲ့ ကယ်ရီသမားတွေကို ကန်ပက်လက်မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့်ကို ကန်ပက်လက်မြို့နယ်ကိုထိန်းချုပ်ထားတဲ့ Chin Defense Force – Kanpetlet ( CDF – Kanpetlet) က ခွင့်မပြုဘူးလို့ ဆိုင်ကယ် ကယ်ရီဆွဲနေကြတဲ့ ဒိုင်လူမျိုးတွေက ပြောပါတယ်။

ဒိုင်ရ်နယ်ထဲက ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက “ကျနော်တို့ ဒိုင်ရ်ဘက်က သူတွေကိုပဲပိတ်တယ်။ ကန်ပက်လက်မြို့နယ်ထဲက လူတွေကိုတော့ ပုံမှန်လွတ်လွတ်လပ်လပ်သွား လာနေကြတယ်။ ကျနော်တို့ဘက်က လူတွေ သွားလာကြရင်တော့ လမ်းပိတ်ထားတယ်ဆိုပြီးမှ သွားခွင့်မပေးဘူး။ ဒီက လူတွေ အများစုက ရခိုင် ကုန်သည်ပစ္စည်းတွေကို ကယ်ရီလိုက်ကြတာဆိုတော့ ရခိုင်ပစ္စည်းတွေ ပိတ်မိတာလည်းများတယ်။ ရခိုင်ကုန်သည်တွေဆိုတာ သူတို့ဟာ သူတို့ ဆိုင်ကယ်နဲ့ မောင်းပြီး သွားကြတာမဟုတ်ဘူး။ ကျနော်တို့ ဒိုင်ရ်ဘက်က ဆိုင်ကယ်ကယ်ရီ ငှားပြီးမှ သွားကြတာဆိုတော့ ကျနော်တို့ကို ပိတ်မိရင်း သူတို့လည်း ပိတ်မိတာပေါ့။ ဒိုင်တွေကို ပိတ်တယ်ဆိုတာထက် ဒိုင်ရ်ဘက်ကို လာမယ့် ကုန်စည်မှန်သမျှကို ပိတ်တာဖြစ်တယ်။ ဆောဘက်ကလူတွေရော ဒိုင်ရ်ဘက်ကို လာမယ်ဆိုရင် ပိတ်တယ်။ သူတို့ ထုတ်ပြန်ချက်မှာက အားလုံးအတွက် ပိတ်တဲ့ ပုံစံနဲ့ ထုတ်ပြန်တယ်။ တကယ် လက်တွေ့ တကယ်တန်း ကျနော်တို့ ရောက်ရောက်သွားရင်တော့ ကျန်တဲ့သူတွေတော့ သွားလာနေကြတာ တွေ့တယ်။ ကျနော်တို့ဘက်က လူတွေက သွားလာလို့မရဘူး။ ဟိုဘက်ကို ရောက်သွားရင်တောင် ကိုယ့်နယ်ကို ပြန်လာလို့မရတာမျိုးဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်း ချဉ်းကပ်လာမှုအရ ပြင်ဆင်စရာတွေရှိတာကြောင့် လုံခြုံရေးအရ ပိတ်ထားတာဖြစ်ပြီး ကျန်းမာရေးကိစ္စဖြစ်ဖြစ်၊ မဖြစ်မနေ သွားလာဖို့ ကိစ္စရှိလာရင်တောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး အဆင်ပြေအောင်ဆောင်ရွက်နေပေးနေတဲ့အကြောင်း CDF – Kanpetlet ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

CDF – Kanpetlet တာဝန်ရှိသူတစ်ဦးက “ဒီဟာတွေက အခြေအမြစ်ကိုမရှိတာပါ လောင်းရှည်၊ ဆော၊ ဆိတ်ဖြူ ကစစ်ကြောင်းချဉ်းကပ်လာမှုအရ ပြင်ဆင်စရာရှိလို့လုံခြုံရေးအရ ပိတ်တာပါ၊ ဘယ်သူမဆို ကျန်မာရေးကိစ္စ ဖြစ်ဖြစ်၊ မဖြစ်မနေသွားလာဖို့အရေးကြီးကိစ္စတွေရှိရင်သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးနေကြပါတယ်” လို့ပြောပါတယ်။

ကန်ပက်လက်မြို့နယ်ကို ထိန်းချုပ်ထားတဲ့ CDF – Kanpelet က စစ်ရေးအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့ကစလို့ မကွေးတိုင်းကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းတွေ အားလုံးကို ယာယီပိတ်ခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်း - ကန်ပက်လက်မြို့နယ်ကနေ ပလက်ဝမြို့နယ်၊ ဒိုင်ရ်နယ်ဘက်ကို ဖြတ်သန်းပြီး ရခိုင်ဘက်ကို ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းရှိတာကြောင့် ဒိုင်ရ်နယ်က ဆိုင်ကယ်ရီသမားတွေအတွက် ဝင်ငွေရတဲ့ အလုပ်အကိုင်ဖြစ်တယ်လို့လည်း ဒိုင်ရ်လူမျိုး ဆိုင်ကယ် ကယ်ရီသမားတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်မှ ကုန်သည်တွေက ကား၊ ဆိုင်ကယ်တွေနဲ့ ကန်ပက်လက် မြို့နယ်ကို ဖြတ်ပြီး မကွေးတိုင်း၊ ဆောမြို့နယ်က ကုန်စည်တွေကို ဝယ်ယူပြီး ဒေသအတွင်း ပြန်လည် ရောင်းချနေကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...