ကျောက်ဖြူမြို့ပြင်မှာ အာရက္ခတပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေကြောင်း သတင်းရရှိသည်။
ယနေ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်နေရာများမှာ လိပ်ခမော်ကျေးရွာအရှေ့က ဂေါ်တူတောင်တန်း၊ မင်းတက်တောင်ရွာနားက စက်မှုလက်မှုသင်တန်းကျောင်းအနီးပတ်ဝန်းကျင်၊ နှမ်းဖဲတောင်နှင့် ကန္ဓီကျေးရွာ အနီးတို့တွင် ဖြစ်ပွားနေသည်ဟု သိရသည်။
"အစမှာ သူတို့စစ်တပ်ထိုးစစ်က မင်းတက်တောင်နားထိရောက်ပြီး စက်မှုလက်မှု သင်တန်းကျောင်းထိ ရယူခဲ့တယ်။ အခုတော့ စကစမှပြန်လက်လွှတ်ရပြီး နောက်ဆုတ်ခုခံနေရတယ်" ဟုစစ်ရေး သတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။
ကျောက်ဖြူတိုက်ပွဲတွင် သူတစ်ပြန်ကိုယ်တစ်ပြန် တက်လိုက်ဆုတ်လိုက်ဖြစ်နေပြီး နေ့ရောညပါ ပြင်းထန် နေသည်ဟု သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် မင်းတက်တောင်သို့ ထိုးစစ်ဆင်တက်လာသဖြင့် တိုက်ပွဲပြင်းထန်ကာ စက်မှုလက်မှု သင်တန်းကျောင်းထိထိန်းချုပ်နိုင်ခဲ့ပြီးမှ AA ၏ထိုးစစ်ကြောင့် ပြန်လက်လွှတ်ခဲ့ရကာ နောက်ဆုတ် သွားပြီးနောက် စိုက်ပျိုးရေးကျောင်းနှင့် ပြိုင်းစေ့ကြားတွင် နှစ်ဖက် တိုက်ပွဲပြင်းထန်နေသည်ဟု သူက ဆိုသည်။
အလားတူ စစ်ကောင်စီသည် သပြုတောင်စစ်ကြောင်းနောက်ဆုတ်လာပြီး နှမ်းဖဲတောင်ဖက်သောပူးပေါင်းကာ ယာယီတပ်စွဲနေသည့် စစ်ကောင်စီစခန်းကိုလည်း AA မှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲက ပြင်းနေသည်ဟု ပြောသည်။
"နှမ်းဖဲတောင်ပတ်လည်မှာ ဖြစ်နေတယ်။ လက်နက်ကြီး၊ ဒရုန်းကလည်း တအားကိုချတယ်။ AA ကလည်း နောက်မဆုတ်တဲ့အပြင် ရှေ့ကို တိုးပြီး တိုက်နေတာပါ" ဟု သူက ဆိုသည်။
စစ်ကောင်စီသည် အာရက္ခတပ်တော်ထိန်းချုပ်နေရာများကို ပြန်လိုချင်ပြီး ယခုလိုတကျော့ပြန် ထိုးစစ်ဆင်ကာ တိုက်ခိုက်လာမှုကြောင့် AA ဖက်မှ ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သူက ဆက်ပြောခဲ့သည်။
စစ်ကောင်စီ၏ အထိုင်တပ်စခန်းများမှ လက်နက်ကြီး၊ ဒရုန်း၊ နေဗီတို့က ပါပစ်ကူပေးလည်း ထိရောက်မူမရှိသည့် အပြင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်အသစ်များသည်လည်း ရှေ့တန်းစစ်မြေပြင်တွင် ထိခိုက်ဒဏ်ရာရရှိသူ များပြားနေသည်ဟု စစ်ရေးနှင့်နီးစပ်သည့် ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
၎င်းဒဏ်ရာရတပ်ဖွဲ့ဝင်များကို ကျောက်ဖြူဆေးရုံသောမပို့ဘဲ ခလရ ၃၄ တပ်ရင်းတွင် အဆောင် တိုးဆောက် ကာထားရှိပြီး သေဆုံးသူတပ်ဖွဲ့ဝင်အချို့ကိုသာ ကျောက်ဖြူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးစစ်မှု ခံယူပြီးမှ သင်္ဂြိုလ်သည်ဟု သိရသည်။







