လေကြောင်း တိုက်ခိုက်ခံရသည့် မြောက်ဦး ဒေသခံများ နေထိုင်ရေး အခက်ကြုံနေ

လေကြောင်း တိုက်ခိုက်ခံရသည့် မြောက်ဦး ဒေသခံများ နေထိုင်ရေး အခက်ကြုံနေ

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် လေကြောင်းတိုက်ခိုက်ခံလိုက်ရသည့် ဖြစ်စဉ်၌ နေအိမ် ၄၂ လုံး ပျက်စီးသွားပြီး မိသားစုဝင် ၂၀၀ ကျော်မှာ လက်ရှိတွင် နေထိုင်စရာ အခက်အခဲရှိနေကြကြောင်း သိရသည်။

ဩဂုတ်လ ၂၅ ရက်က မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် ကြဲချခဲ့၍ ကလေးငယ် ၅ ဦး အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးသွားခဲ့ပြီး ဒဏ်ရာရသူ ၁၈ ဦးအထိရှိခဲ့ကာ နေအိမ်ပေါင်း ၄၀ ကျော် ပျက်စီးခဲ့ရခြင်းဖြစ်သည်။

“စပါးကျီရော၊ အိမ်ရော ဘာမှ မရလိုက်ဘူး။ အိမ်မှာ စုဆောင်းထားသမျှ ပစ္စည်းတွေ ဘာတစ်ခုမှ မကျန်ခဲ့ဘူး။ အိမ်ကို လာကြည့်တော့ ကန်တစ်ကန်လိုပဲ တွင်းချောက်ကြီးတစ်ခုပဲ ကျန်ခဲ့တယ်” ဟု နေအိမ်ပျက်စီးသွားသူ ဒေါ်ဖြူဖြူဝင်းက ပြောသည်။

ယခုအခါ ဒိုင်းကျီရပ်ကွက်မှ ဒေသခံများမှာ အိုးအိမ်မဲ့အဖြစ်သို့ ရောက်ရှိခဲ့ကြရပြီး ဆွေမျိုးများနေအိမ်နှင့် အခြားလယ်ကွင်းပြင်တို့တွင် ယာယီ သွားရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။

“ခေါင်မိုးတွေ၊ နံရံတွေ ဘာမှ မရှိတော့ဘူး။ နေလို့ ဘယ်လိုမှ မရတော့ဘူး။ အခုက ညီမ အိမ်မှာ နေတယ်။ ဒါတောင်မှ အားနာတယ်။ တည်းခိုဖို့က ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ မြေးလေးတွေလည်း ပါတယ်။ သူစိမ်းအိမ်မှာဆိုရင် ဘယ်လိုမှ နေလို့ အဆင်ပြေမှာ မဟုတ်ဘူး” ဟု နောက်ထပ် နေအိမ်ပျက်စီးသွားသူ ဒေါ်မမြအေးက ပြောသည်။

လက်ရှိတွင် ဗုံးကြဲမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း ဒိုင်းကျီရပ်ကွက်မှ ဒေသခံများမှာ နောက်ထပ် ဗုံးကြဲခံရမည်ကို စိုးရိမ်၍ အခြားရပ်ကွက်များတွင် သွားရောက်နေထိုင်သူများလည်း ရှိကြောင်း သိရသည်။

ဗုံးကြဲခံရမှုကြောင့် လက်ရှိ ပျက်စီးသွားသည့် နေအိမ် ၄၂ လုံးအပြင် ဗုံးစထိမှန်၍ အနည်းငယ်ပျက်စီးသွားသည့် နေအိမ်များလည်း ရှိနေသေးကြောင်း ရပ်ကွက်တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ဒိုင်းကျီ ရပ်ကွက်တာဝန်ရှိသူက " အိုးရော ခွက်ရော ဘာတစ်ခုမှ မရလိုက်ကြဘူး။ ဝတ်ဖို့အဝတ်တောင် မရလိုက်ကြဘူး။ အကုန်လုံး ဗုံးကြဲတဲ့အထဲ ပါသွားတာ။ စားဖို့သောက်ဖို့လည်း ဘာတစ်ခုမှ မကျန်ခဲ့ကြဘူး။ ဒဏ်ရာရသွားတဲ့ လူနာတွေ ဆေးရုံက ဆင်းလာရင်လည်း နေဖို့ နေရာမရှိကြသေးဘူး။ အမိုးအကာလည်း မရှိသေးဘူး။ ဒါတွေကို စီစဉ်ပေးဖို့ အထက်လူကြီးတွေကို တောင်းဆိုချင်ပါတယ် " ဟု DMG သို့ ပြောသည်။

စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် ဒိုင်းကျီဒေသခံများမှာ အိုးအိမ်မဲ့ဖြစ်ရသည့်အပြင် စုဆောင်းထားသည့် ရွှေငွေဉစ္စာများမှာလည်း ဗုံးကြဲမှုနှင့်အတူ ပျက်စီးသွား၍ ပြန်လည်ထူထောင်ရန် အခက်အခဲဖြစ်နေကြခြင်း ဖြစ်သည်။

နိုင်ငံတဝန်းစစ်ရှုံးနေသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများ နေထိုင်ရာနေရာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် နေ့စဉ်အရပ်သား ထိခိုက်သေဆုံးမှုမှာ မြင့်တက်လျက် ရှိသည်။

ရခိုင်ပြည်တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးအပါဝင် ဖမ်းဆီးသတ်ဖြတ်မှုတို့ကြောင့် ၉၂၆ ဦး သေဆုံးကာ ၁၉၅၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း (AA) ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ ရက် သတင်းစာ ရှင်းလင်းပွဲ၌ ပြောထားသည်။

ထို့အတူ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ မီးရှို့မှုများကြောင့် ရခိုင်တွင် နေအိမ် ၁၀,၅၀၂လုံး ဘာသာရေးအဆောက်အဦး ၉၀၊ စာသင်ကျောင်း ၄၅ ကျောင်း၊ ဆေးရုံဆေးခန်း ၁၂ ခု၊ တံတား ၁၂ ခု၊ UN/INGO/ NGO အဆောက်အဦးများ အပါအဝင် အဆောက်အအုံ ၁၁,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း AA က ဆိုထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...