ရေဖြူဒေသခံအချို့ကို စစ်ကော်မရှင်တပ် ဖမ်းဆီးထိန်းသိမ်း

ရေဖြူဒေသခံအချို့ကို စစ်ကော်မရှင်တပ် ဖမ်းဆီးထိန်းသိမ်း
Photo credit - CJ
Photo credit - CJ

ရေဖြူမြို့နယ်တွင် နှစ်ပတ်အကြာတိုက်ပွဲပြင်းထန်နေသည့် ကာလအတွင်း မတိမ်းရှောင်နိုင်သည့် ဒေသခံများကို ကျေးရွာအတွင်း ဝင်ရောက်စီးနင်းထားသည့် စစ်ကော်မရှင်တပ်တို့က ဖမ်းဆီးမှု လုပ်ဆောင်နေကြောင်း သိရသည်။

သာယာမွန်ရွာတွင် ဝင်ရောက်စီးနင်းထားသည့် စစ်ကော်မရှင်တပ်သားများသည် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က ရွာသား(၁၀) ဦးထက်မနည်းကို ဘုန်းကြီးကျောင်းတစ်ခုတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး သြဂုတ် ၂၉ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ရေဖြူမှ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက ဆိုသည်။

“သာယာမွန်ရွာသားအချို့ကို ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ စစ်ကော်မရှင်ဘက်က ထိန်းသိမ်းထားတာရှိတယ်။ အဲဒါကို ဘယ်သတင်းမှာမှ ဖော်ပြတာမတွေ့ရဘူး၊ ခန့်မှန်းပေါ့နော် ပျောက်နေတဲ့မိသားစုတွေအရဆိုရင် ၈ ယောက် ၉ ယောက် လောက်ရှိမယ်။ ယောင်္ကျားလေးရော မိန်းကလေးရောပါတယ်” ဟု ပြောသည်။

ထို့အပြင် မတိမ်းရှောင်နိုင်သည့် သာယာမွန်ရွာမှ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကိုလည်း စစ်ကော်မရှင်တပ်မှ သတ်ဖြတ်ထားကြောင်း အထက်ပါစစ်ဘေးရှောင်မှ ပြောဆိုထားပြီး IMNA မှ ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

ယခုရက်ပိုင်းတွင် ရေဖြူဒေသအတွင်း တိုက်ပွဲအခြေအနေ အနည်းငယ် ငြိမ်သက်သော်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ၊ ရွာအတွင်း ကျန်ရှိနေသည့် ဒေသခံများကို စစ်ဆေးရိုက်နှက်မှုများ လုပ်ဆောင်နေကြောင်းလည်း မြေပြင်ရောက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ပြည်သူတွေ ပြောပြတာက လွန်ခဲ့တဲ့နှစ်ရက်ကပေါ့လေ စစ်ကော်မရှင်အဖွဲ့တွေက တောထဲကနေ ထွက်လာ ပြီးတော့ သူတို့ကို မေးတယ်ပေါ့။ မင်းတို့ တော်လှန်ရေးသမားတွေကို တွေ့ခဲ့လားပေါ့။ သူတို့ကလည်း မတွေ့လို့ မတွေ့ကြောင်းပြောတယ်ပေါ့၊ အဲတာကို ဒါလေးတောင်မသိဘူးလားဆိုပြီးတော့ သူတို့ကို ရိုက်နှက်ထားတာတွေလည်းရှိ ဒီရက်ပိုင်းအတွင်းမှာပဲ” ဟု သူက ပြောသည်။

တိုက်ပွဲရက် ရှည်ကြာလာခြင်းကြောင့် စစ်ဘေးရှောင်သူ တိုးလာသည့်အပြင် ဖုန်းလိုင်းရရှိရန်အခက်အခဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများ ကျေးရွာအတွင်း ကျန်ရှိနေသည့် မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက် နေကြကြောင်း စစ်ဘေးရှောင်နေသူများက ပြောသည်။

မလွှဲတောင်- ကလိန်အောင် လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများကြောင့်  ကျေးရွာ ၁၀ ရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် လူဦးရေ ၅၀၀၀ နီးပါးခန့်ရှိပြီး ကော့လှိုင်၊ မိုင် ၆၀၊ သာယာမွန်၊ ရာဖူး၊ ဘုရားသုံးဆူ စသည့်ရွာမှ ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်ရသည့် အခြေအနေတွင် ရှိနေသည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့က လုံခြုံရေးအခြေအနေကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ပိတ်ထားသည့် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းကို  စစ်ဘေးရှောင်များသာ ဖြတ်သန်းခွင့်ပြုထားပြီး ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ အဆိုပါလမ်းပိုင်းတွင် ၅ ရက်ကျော် ပိတ်ဆို့နေဆဲဖြစ်သည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...