အင်းလေး နေရပ်ပြန်စစ်ရှောင်များကို PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ

အင်းလေး နေရပ်ပြန်စစ်ရှောင်များကို PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ
Photo - CJ
Photo - CJ

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO/ PNA က နေရပ်ပြန်လာသည့် စစ်ရှောင်များကို တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်း ကောက်နေပြီး၊ မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်မှ စပြီး အင်းလေးဒေသ တွင် စစ်ရှောင်နေသော ဘုရားတောင်ကျေးရွာမှ ဒေသခံများ ၎င်းတို့ နေရပ်သို့ ပြန်ခဲ့ပြီး PNO က တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်းကောက်ကာ  ဆယ်သိန်းမပေးနိုင်လျှင် PNO/PNA ပြည်သူ့စစ် ဝတ်စုံဖြင့် အခြားရွာတွင် ကင်းသွားစောင့်ခိုင်းကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“ရွာကိုပြန်ရတာမှ ဆယ်ရက်လောက်ပဲ ရှိသေးတယ်။ ပိုက်ဆံက ကောက်နေပြီ။ အပြင်မှာလည်း အလုပ်က သေချာမလုပ်ရဘူး။ အလုပ်ကလည်း မယ်မယ်ရရမရှိသေးဘူး။ ဝင်ငွေဆိုတာလည်းမရှိဘူး။ စားဖို့တောင် အနိုင်နိုင် ဘဝကို အစကနေ ပြန်စနေရတဲ့ ကြားက  တစ်အိမ်ကိုဆယ်သိန်းထည့်ရတယ်၊ မထည့်ရင် စစ်မှုထမ်းရတယ်။ တခြားရွာမှာ ကင်းစောင့်ရတယ်။”ဟု သတင်းရင်းမြစ် အမျိုးသား တစ်ဦးကပြောသည်။

အင်းလေးဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ငါးဖမ်းလုပ်ငန်းများကို PNA ပြည်သူ့စစ်က သတ်မှတ် ပေးထားသည့် အချိန်အတွင်းသာ လုပ်ခွင့်ရပြီး သတ်မှတ်ချိန် ကျော်လွန်လျှင် လူမှားပစ်ခံရမည်ဖြစ်ကြောင်းလည်း PNO က အမိန့်ပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဘုရားတောင်ကျေးရွာတွင် နေအိမ်အများအတွင်း၌ ပစ္စည်းများအခိုးခံထားရပြီး တံခါးပေါက်၊ ပြတင်းပေါက်များပါ ဖြုတ်ယူသွားကြပြီး လှေတွင် တပ်ထားသည့် မော်တော်စက်များပါ ဖြုတ်ယူသွားကြကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်ပြန်ရောက်တော့ အိမ်က အခွံပဲကျန်တယ်။ တံခါးတွေလည်း အကုန်ဖြုတ်ယူကုန်တယ်။ လှေဆိုရင်လည်း လိုက်ရှာရတာ ဟိုးရွာတောင်ဖက်မှာ သွားတွေ့တာတို့ တခြားရွာမှာ တွေ့တာတို့။တွေ့တဲ့ လှေတွေက စက်အင်ဂျင်တွေ မရှိတော့ဘူး။ အိမ်ပြန်သွားလည်း ကိုယ်စုဆောင်းထားတာတွေ ဘာမှ မကျန်တော့ ဝမ်းနည်းမိတယ်။”ဟု သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

ယခုလက်ရှိ အင်းလေးတွင် ငလျင်ဘေး၊ ရေဘေး နှင့် လေဘေးများ ဆက်တိုက်ကြုံတွေ့နေရပြီး ဒေသခံများ ပြန်လည်ထူထောင်ရန် ခက်ခဲသော အချိန်ကာလဖြစ်သည်။ထိုခက်ခဲသည့် ကြားမှ PNO/PNA ပြည်သူ့စစ်က ငွေကေက်ယူခြင်း၊ စစ်သားစုဆောင်းခြင်းများ ပြုလုပ်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ ဘုရားတောင်ကျေးရွာတွင် စစ်ကော်မရှင်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အင်းလေးဒေသ နန်းပန်မြို့သို့ စစ်ရှောင်လာခဲ့ရပြီး ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်မှ ဘုရားတောင်ကျေးရွာသို့ ပြန်ခဲ့ရသည်။

ယခုလက်ရှိ ဘုရားတောင်ကျေးရွာတွင် စစ်ကော်မရှင် လက်အောက်ခံ PNO/ PNA က တပ်စွဲထားပြီး ရွာသားများကိုလည်း အလှည့်ကျ ထမင်းထုတ်ပို့ခိုင်းထားကြောင်း သိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...