မလွှဲတောင်နှင့် ကလိန်အောင် အမှတ်-၈ လမ်းပိုင်း တိုက်ပွဲဖြစ်ပြီး ပိတ်ထား၍ ယာဉ်များ ပိတ်မိ

မလွှဲတောင်နှင့် ကလိန်အောင် အမှတ်-၈ လမ်းပိုင်း တိုက်ပွဲဖြစ်ပြီး ပိတ်ထား၍ ယာဉ်များ ပိတ်မိ

တနင်္သာရီတိုင်း၊ ရန်ကုန်-ထားဝယ်လမ်းပိုင်း အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး၊ မလွှဲတောင်နှင့် ကလိန်အောင် လမ်းပိုင်း၌ တော်လှန်ရေးတပ်များနှင့် အာဏာသိမ်းစစ်တပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပြီး လမ်းပိတ်ထား၍ ဒေသခံ များနှင့် ခရီးသွားများ ရာနှင့်ချီ ပိတ်မိနေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ လမ်းပိုင်း၌ တော်လှန်ရေးတပ်များနှင့် အာဏာသိမ်းတပ်တို့ ဩဂုတ် ၂၃ မှ ၂၅ ရက်နေ့ထိ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး လမ်းပိုင်းကို နှစ်ဖက်စလုံးက ပိတ်ထားလိုက်၍ ဒေသခံများနှင့် ခရီးသွားများ ပိတ်မိနေခြင်းဖြစ်သည်ဟု ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“အခုလမ်းပိုင်းကိုတော့ တော်လှန်ရေးတပ် ဘက်ရော၊ စစ်တပ်ဘက်ကပါ လမ်းပိုင်းကို ပိတ်ထားတယ်။ အဲ့တာ ကြောင့် ဒေသခံတွေနဲ့ ခရီးသွားအများစုက ပိတ်မိနေတဲ့ သဘောမှာ ရှိတယ်။ ကားကြီးတွေရော ကားအသေးတွေ ရော အကုန်ပိတ်မိနေတယ်။ တော်တော်ဒုက္ခရောက်နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အဆိုပါ လမ်းပိုင်းကို ဩဂုတ်၂၆ ရက် နေ့မွန်းလွဲပိုင်းမှ စ၍ ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း ထုတ်ပြန်ထားသည်။

“အခု ရန်ကုန်ကို ပြန်လှည့်လို့လည်း အဆင်မပြေတော့ဘူး။ ရှေ့ဆက်လို့လည်း အဆင်မပြေဘူး။ လမ်းကြောင်းကို ဖွင့်ပေးရင်တော့ ပိုအဆင်ပြေတာပေါ့။ စားဖို့နဲ့ သောက်ဖို့ရေတွေကလည်း ရက်ရှည်ဆိုရင် လိုအပ်လာတယ်” ဟု ပိတ်မိနေသူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများနှင့် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အနီးပတ်ဝန်းကျင်ရှိ မရမ်းချောင်းရွာ၊ ကော့လှိုင်ရွာနှင့် မိုင် ၆၀ ရွာ စသည့် သုံးရွာအတွင်းရှိ ဒေသခံများ ညအိပ်မရဲဘဲ တိမ်းရှောင် နေရသည်ဟု မြေပြင်စစ်ဘေးရှောင် ကူညီနေသူများက ပြောဆိုသည်။

အဆိုပါ အမှတ် ၈ ပြည်ထောင်စုကားလမ်းမ၊ ကလိန်အောင် – ထားဝယ်လမ်းပိုင်းတွင် ဇူလိုင်လမှစ၍ နှစ်ဖက် စစ်ရေး လှုပ်ရှားများရှိလာပြီး သြဂုတ်လတွင် စစ်ရေးတင်းမာမှု အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

July 10, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ် (ကရင်အမျိုးသား အစည်းအရုံး KNU၊ ဒူးသထူ(သထုံ)ခရိုင်) အတွင်း...
July 10, 2026
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (NSPNC) က အကောင်အထည်ဖော်နေသည့် ရက် ၁၀၀...
July 9, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနှင့် လေးကေကော်ဘက်သို့ တက်လာသည့် စစ်အုပ်စု...
July 8, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်အတွင်းရှိ နယ်မြေများကို ပြန်လည်ရယူရန် စစ်တပ်က လေးကေကော်မှတစ်ဆင့် ဖလူး-...