ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာ အလှူရှင်များက ရိက္ခာပံ့ပိုးမှုတွေ ဖြတ်တောက် လိုက်တာ တစ်လပြည့်တော့မှာ ဖြစ်ပါတယ်။
ဒါဟာ နှစ် ၄၀ အတွင်းမှာ ဒုက္ခသည်တွေအတွက် အဆိုးဆုံးအခြေအနေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ သို့ပေမယ့် စခန်းထဲက ဒုက္ခသည်တွေကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ဝမ်းရေးအတွက် ကိုယ်တိုင်ရုန်းကန်ရှာဖွေ စားသောက် နေရပြီး ဖြစ်ပါတယ်။
သူတို့ဟာ စားဝတ်နေရေး အတွက် ဒုက္ခသည်စခန်းပြင်ပ အနီးနားကျေးရွာတွေမှာ ထွက်ပြီး အလုပ်ရှာကြတာများ လာပါတယ်။ ဒီလို အပြင်အလုပ်ထွက်လုပ်တာဟာ တရားဝင် အလုပ်ထွက်လုပ်ခွင့် မဟုတ်ပေမယ့်လည်း စားဝတ်နေရေးအတွက် ဖြေရှင်းပေးဖို့ အလွယ်ဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
ဒုက္ခသည်စခန်းနဲ့ မနီးမဝေး ထိုင်းနိုင်ငံသားတွေရဲ့ ပြောင်းခင်း၊ ငရုတ်ခင်း၊ ကော်ဖီခင်းတွေဟာ ဒုက္ခသည်တွေရဲ့ မှီခို အားကိုးရာ အလုပ်တစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့်လည်း အလွယ်တကူ အလုပ်ရနေတာမျိုးတော့ မဟုတ် ပါဘူး။ ရိက္ခာပြတ်တောက်တဲ့အချိန်မှာ နေ့စားထွက်လုပ်တဲ့သူ များလာတာ ကြောင့် အလုပ်ရှားပါးလာပြီး တချို့ အလုပ်မရတဲ့လူလည်း များလာတယ်လို့ အုန်းဖြန် ဒုက္ခသည် စခန်းက နော်လားလူက အခုလို ဖွင့်ဟပြောပါတယ်။
“အခု အပြင်ထွက်နေ့စားလုပ်ဖို့က အလုပ်ရဖို့ခက်လာတယ်။ တချို့က သူဌေးစိုက်ခင်းထဲသွားပြီး အလုပ်ရှာတာ မရတော့လို့ ပြန်လာလိုက်ရတာရှိတယ်။ ဘာလို့လဲဆိုရင် အလုပ်ထွက်ရှာတဲ့လူများလာတယ်။ နောက် ပြည်တွင်း ကလူတွေလည်း နိုင်ငံရေးအခြေအနေမကောင်းတော့ ထိုင်းကို အလုပ်လာရှာတာများတော့ အလုပ်ရဖို့ခက်လာတယ်” လို့ သူမက ပြောပါတယ်။
အခုလို စခန်းအပြင်ထွက်ပြီး တောင်ယာစိုက်ခင်းစတဲ့ နေရာတွေမှာ အလုပ်သွားလုပ်တာကလည်း တရားဝင်လုပ် လို့ မရပါဘူး။ ရံဖန်ရံခါ အာဏာပိုင်တွေက ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ သိရပါတယ်။
အုန်းဖြန်စခန်းမှာနေတဲ့ နော်အယ်မလီကတော့ ကိုယ်တိုင် နေ့စားအလုပ်ထွက်မလုပ်နိုင်တာကြောင့် ရိက္ခာဖြတ် ခံရပြီးနောက် စုဆောင်းထားတဲ့ ငွေအရင်းအနှီးနည်းနည်းနဲ့ လက်လုပ်မုန့် လုပ်ပြီး စခန်းထဲက ဈေးဆိုင်တွေမှာ ဖောက်သည်သွင်းတဲ့ အလုပ်ကို သူစလုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းရလဲဆိုတော့ မနက်ပိုင်းဆိုရင် မုန့်လုပ်ပြီးတော့ ဆိုင်တွေမှာ ဖောက်သည် လိုက်သွင်းတာ။ တချို့ ဒီလိုအလုပ်တွေ လုပ်လာတာကြာပြီးပေါ့ ကျမလည်း မလုပ်ရင်မဖြစ်တော့တဲ့ အခြေအနေ ဆိုတော့စတင်ပြီး လုပ်ကြည့်ရတာပေါ့ တစ်ရက်စာ တစ်ရက်စာပေါ့” လို့ နော်အယ်မလီက စားဖို့အတွက် မုန့်လုပ် ရောင်းဖြစ်ပုံကို ပြောပြပါတယ်။
အခုလို ရိက္ခာဖြတ်တောက်ခံရပြီး စားသောက်ဖို့ ရုန်းကန်နေရတဲ့ ဒုက္ခသည်တွေကို စခန်းအပြင်ထွက် အလုပ်လုပ် ခွင့်ပေးဖို့ နယ်စပ်အခြေပြု ကရင်လူမှု အဖွဲ့အစည်းတွေက ထိုင်းလွှတ်တော်ကော်မတီတွေထံ ပြီးခဲ့တဲ့လက သွားတွေ့ပြီး စာချွှန်လွှာ ပေးပို့ခဲ့ပါသေးတယ်။ ဒီလထဲမှာ ဒုက္ခသည်တွေ တရားဝင် အလုပ်လုပ်ခွင့်ပြုသွားဖို့ ရှိနေ တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ သို့ပေမယ့် ထူးခြားမှုတော့ မရှိသေးဘူးလို့ မယ်လစခန်း တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။
“သတင်းတွေမှာ ဒုက္ခသည်တွေကို ခေါ်မယ်လို့ ကြားရတယ်။ ဒုက္ခသည်စခန်း တစ်ခုချင်းဆီမှာ ထိုင်းကအလုပ် သမားခေါ်မယ်ဆိုတာက ဘယ်အဖွဲ့အစည်းကမှ ကျနော်တို့ ဒုက္ခသည်စခန်းမှာ လာပြောတာမရှိဘူး။ ဒါပေမယ့် KRC ဘက်ကတော့ စခန်းမှာရှိတဲ့ အသက် ၁၆ နှစ် လူငယ်ကစပြီး အသက်၆၀ အတွင်း အလုပ် လုပ်ကိုင်နိုင်တဲ့ လူတွေ စာရင်းလာသွင်းဖို့ ပြောတာတော့ရှိပါတယ်” လို့ မယ်လစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရိက္ခာပြတ်တောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး TBCအနေနဲ့ ပြန်လည် သုံးသပ်စိစစ်ပေးသင့်သလို ဝင်ငွေထွက်ငွေမမျှတဲ့ တချို့မိသားစုအတွက် စိန်ခေါ်မှု ကြီးစွာ ဖြစ်နေတယ်လို့ မယ်ရာအူး ဒုက္ခသည်စခန်းရဲ့ ကရင်အမျိုးသမီး အစည်း အရုံး ဥက္ကဌ နော်ဂျူးဒီစောက ပြောပါတယ်။
“ရိက္ခာရတဲ့ အချိန်မှာတုန်းက ချွေတာရင်းချေးငှားရင်းနဲ့ ဖြေရှင်းတယ်။ အခုက လုံးလုံးကို ရိက္ခာမရတော့ဘယ်လို ရှေ့ဆက်ကြမလဲမသိတော့ဘူး။ ကျမတို့ စခန်းထဲမှာ တချို့ တစ်ရက် ထမင်း ၃ နပ်စားရင် အခုက ၂ နပ်ပဲစားရ တော့တယ်။ အဲဒါကို တချို့မိဘတွေက မနက်ပိုင်းလျှော့စားပြီး ညနေပိုင်းမှာ အဝပြန်စား တော့တာမျိုး အဲ့လိုတွေ ရှိတယ်” ဟု သူမက ဆိုပါတယ်။
ရိက္ခာ ဖြတ်ခံရပြီးနောက် ဒီလအတွင်း မယ်ရာအူး စခန်းမှာ စားဖို့အတွက် တချို့အမျိုးသမီးတွေဟာ သူတို့တက် မြောက်ထားတဲ့ လက်မှုပညာတစ်ခုဖြစ်တဲ့ ကရင် ဂျက်ခုပ် အထည်ယက်လုပ်တဲ့သူတွေ ပိုများလာနေတယ်လို့ စခန်းရဲ့ ကရင်အမျိုးသမီး အစည်းအရုံး(KWO) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် အခု ဩဂုတ်လ တတိယအပတ်အတွင်းမှာ ဒုက္ခသည်တွေကို တတိယနိုင်ငံတွေက ခေါ်ယူတော့မယ် ဆိုတဲ့ သတင်းတွေလည်း စခန်းတွေထဲမှာ ထွက်ပေါ်လို့ နေပါတယ်။ သို့ပေမယ့် ဒုက္ခသည်ခေါ်ယူမယ်လို့ ကနေဒါ၊ အီးယူ၊ ဩစတေးလျ စတဲ့ နိုင်ငံတွေကတော့ တရားဝင်ထုတ်ပြောတာ မရှိသေးပါဘူး။
အခုလို ဒုက္ခသည်တွေကို ထိုင်းမှာ တရားဝင်အလုပ်လုပ်ခွင့် ပေးတော့မယ်လို့ သတင်းထွက်နေတာလည်း တိတိ ကျကျ မဟုတ်သေးသလို လုပ်ခွင့်ပြုမယ်ဆိုရင်တောင် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကျော်ဖြတ်ရဦးမှာ ဖြစ်လို့ အနည်းဆုံး ၃ လ လောက်အချိန်ကြာနိုင်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် စခန်း ၉ ခုမှာ ဒုက္ခသည် ဦးရေ ၁၂၀,၀၀၀ လောက်ရှိတယ်လို့ ကနဦးစာရင်းများ အရ သိရပါတယ်။ အခုလို ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြုမှာ နောက် တတိယနိုင်ငံ ခေါ်ယူရေးဆိုတာတွေဟာ ချက်ခြင်း လုပ်ဆောင်လို့ ရတဲ့ အခြေအနေမဟုတ်ပါဘူး။ အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေ ကျော်ဖြတ်ရဦးမှာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေ အတွက်တော့ နေ့စဉ် စားစရာရဖို့က ကနဦး ရုန်းကန်နေရတဲ့ အခြေအနေမျိုးပါ။ ဒီအတွက် နေ့စဉ် အလုပ်တခုခု ရှိဖို့၊ ရတဲ့ လုပ်ခကို ချွေတာသုံးဖို့ နဲ့ ရှိတဲ့ဟာ ခွဲဝေစားသောက်ဖို့သာ နေ့စဉ် လက်တွေ့စီမံနေရတယ် လို့ ဒုက္ခသည်တွေက ဖွင့်ဟပြောပါတယ်။







