ကလေးမြို့ရှိ စစ်ကော်မရှင်တပ်မှ တိုက်ပွဲ ပြင်းထန်နေတဲ့ နန်းဟံနွဲ့ရွာဘက်ကို ၂ ရက် ဆက်တိုက် ပစ်ခတ်

ကလေးမြို့ရှိ စစ်ကော်မရှင်တပ်မှ တိုက်ပွဲ ပြင်းထန်နေတဲ့ နန်းဟံနွဲ့ရွာဘက်ကို ၂ ရက် ဆက်တိုက် ပစ်ခတ်

ဩဂုတ်လ ၂၆ ရက်နေ့ မနက် ၆ နာရီခန့်ကစပြီး ကလေးမြို့နယ် မြောက်ဘက်ရှိ နန်းဟံနွဲ့ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်များနဲ့ စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေခဲ့ပြီး ကလေးမြို့ စစ်ကော်မရှင် အမြောက်တပ်ရင်းကနေ လက်နက်ကြီးများဖြင့် ပစ်ကူနေခဲ့သည်မှာ ၂ ရက်ရှိလာပြီလို့ ကလေးမြို့ ဒေသခံ များထံမှ သိရပါတယ်။

“လက်နက်ကြီးနဲ့ ပစ်ကူတာက မနေ့ မနက် ကတည်းကပါ။ အခုပစ်တဲ့ အမြောက်ကျည်တွေက ထပ်ဆင့် ပေါက်ကွဲတဲ့ ကျည်မျိုးဖြစ်တော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိခိုက်မှုတွေ အတော်ကြုံရတယ်လို့ ပြောကြတယ်။ ဒရုန်းနဲ့လည်း တောက်လျှောက် တိုက်ခိုက်နေပါတယ်။ အမြောက်ပစ်သံတွေက အခုထိ မနားသေးဘူး။ ကြားနေရတုန်းပဲ” လို့ ဒေသခံတစ်ဦးထံမှ သိခဲ့ရပါတယ်။

မနက်အစောပိုင်းကတည်းက ကလေးမြို့ အမြောက်တပ်မှ နန်းဟံနွဲ့ဘက်ကို ပစ်ခတ်တာ ဖြစ်ပေမယ့် မြို့နေ ပြည်သူများအနေဖြင့် ဩဂုတ် ၂၆ ရက်နေ့ ညမှာ ညအမှောင်နဲ့ လူခြေတိတ်လာချိန်မှာ ပိုမို သတိထားမိ လာကြကာ social media များအပေါ် ရုပ်သံများ ပျံ့နှံ့လာခြင်း ဖြစ်တယ်လို့လည်း ကလေးမြို့နေ ပြည်သူတစ်ဦးထံမှ ဆက်လက် သိရှိရ ပါတယ်။

ကလေးမြို့နယ် နန်းဟံနွဲ့ရွာအလွန် ကလေး-တမူး လမ်းမကြီးတလျှောက်ရှိ တော်လှန်ရေးတပ်များရဲ့ အခြေစိုက် စခန်းများကို စစ်ကော်မရှင် စစ်တပ်မှ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင် ထိုးစစ်ဆင်ခဲ့သော်လည်း အရေးမလှဘဲ နောက်ဆုတ်ခဲ့ရကြောင်း၊ ယင်းသို့ နောက်ဆုတ်ပြီး နောက်ပိုင်းမှာ ဒရုန်းနဲ့ drop bomb များ ကြဲချပြီး တော်လှန်ရေးတပ်များကို တောက်လျှောက် အလစ်ဝင် တိုက်ခိုက်ခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့မှလည်း ဩဂုတ်လ ၂၆ ရက်နေ့ မနက်မှာ နန်းဟံနွဲ့ရွာနားရှိ စစ်ကော်မရှင် စစ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်နေခဲ့ခြင်း ဖြစ်ကြောင်း ဒေသနဲ့ နီးစပ်သူများထံမှ စုံစမ်း သိရှိရပါတယ်။

“စစ်တပ်တွေလည်း အထိနာပုံ ရတယ်။ မိုးချုပ်ပြီ ဆိုရင် ကားကြီးတွေနဲ့ ကလေးမြို့ကို သွားနေကြတယ်။ နန်းဟံနွဲ့ရွာ နဲ့ ကလေးမြို့ကြားက တောက်လျှောက် တပ်နယ်မြေတွေ ဆိုတော့ အတားအဆီး သိပ် မရှိဘူး။ ဒဏ်ရာရတာ ဘာညာ ဆိုရင် ညပိုင်း မိုးချုပ်မှ ပို့လေ့ ရှိကြတယ်” လို့လည်း အဆိုပါ ဒေသနဲ့ နီးစပ်သူမှ ပြောပါတယ်။

ဩဂုတ်လ ၂၆ မနက် ၆ နာရီခန့်က စတင်ခဲ့တဲ့ နန်ဟံနွဲ့တိုက်ပွဲဟာ နှစ်ရက်တာအထိ ဆက်လက် ပြင်းထန်နေ ခဲ့ပြီး ဒေသခံ ပြည်သူများ အနေဖြင့် နှစ်ဖက်တပ်ရဲ့ ထိခိုက်မှု အခြေအနေကို စုံစမ်း သိရှိနိုင်ခြင်း မရှိသေးဘူးလို့လည်း ဆက်လက် သိရှိရ ပါတယ်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မနေ့ သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်ညမှာ ကျင်းပတဲ့ ONE Championship...
January 23, 2026
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်...
January 22, 2026
ချင်းပြည်နယ်မှာ “စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသနအစီရင်ခံစာ ပြုလုပ်စဉ်...
January 20, 2026
ချင်းအမျိုးသားတက္ကသိုလ်(Chin National University) မှာ ဘွဲ့ကြို ၊ ဘွဲ့လွန်...