ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေထပ်မံမြင့်တက်၊ ရေလွှတ်ရာပြောင်းရွှေ့နေရ

ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေထပ်မံမြင့်တက်၊ ရေလွှတ်ရာပြောင်းရွှေ့နေရ

ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ယခုရက်ပိုင်း ရေထပ်မံမြင့်တက်လာပြီး ဒေသခံများ ပြောင်းရွှေ့ နေထိုင်ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၁၃ရက်) ညပိုင်း မိုးသည်းထန်စွာသွန်းမှုကြောင့် ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသအတွင်းရှိ ကျေးရွာများရေကြီးမှု ထပ်မံဖြစ်ပွားခဲ့ပြီး ရေလွှတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း ညောင်ရွှေမြို့ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရေတွေကမကျသေးဘူး။ တချို့ရပ်ကွက်က လူတွေကတော့ အရင်တခါရေကြီးကတည်းက မြစေတီဘုရားမှာ သွားနေနေကြတာ။ ရပ်ကွက်တွေ ထဲမှာ ရေက ဒူးလောက်ရှိမယ်။ တချို့နေရာလည်း ခြေသလုံးလောက်ရှိမယ်။” ဟု ၎င်းအမျိုးသားက ဆိုသည်။

အလားတူ အင်းလေးဒေသတွင်လည်း ယမန်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများ ဆက်လက် မြင့်တက်နေကြောင်း၊ နေအိမ်များရေမြှုပ်မှုကြုံတွေ့နေရကြောင်း အင်းလေးဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့ညက မိုးအရမ်းကြီးတယ်။ ည ၉ နာရီလောက်မှာ တချို့လူတွေက ထပ်ပြီး ပြောင်းရွှေ့ကြတယ်။ ရေအရမ်းတက်မှာ ဆိုးလို့။ အင်လေးထဲမှာ ရေတွေတက်နေတုန်းပဲ။ တချို့အိမ်က အိမ်အောက်ထပ်မှာ ရေတွေဝင်ကုန်တယ်။”ဟု ၎င်းက ပြောသည်။

အင်းလေးကန် ရေကြီးမှုသည် အနီရောင်အဆင့် မှ ခရမ်းရောင်အဆင့်အထိမြင့်မား နိုင်သဖြင့် ဒေသခံများ သတိပြုကာ အန္တရာယ်မှ ရှောင်ရှားရန် ကြိုတင် သတိပေးမှုများရှိနေကြောင်းသိရသည်။

ညောင်ရွှေမြို့ နှင့် အင်းလေးဒေသတို့တွင် ရေကြီးရေလျှံမှုများ ထပ်မံကြုံတွေ့နေရသည့်အတွက် ဒေသခံများသည် နီးစပ်ရာဆွေမျိုးအိမ်၊ ဘုန်းကြီးကျောင်းတို့တွင် သွားရောက်ခိုလှုံနေကြကြောင်း ဒေသခံများကပြောသည်။

အင်းလေးဒေသသည် ယမန်နှစ်တွင်လည်း ရေကြီးမှုကြုံတွေ့ရသကဲ့သို့ ယခုနှစ် (၂၀၂၅)ခုနစ် မတ် ၂၈ ရက်နေ့တွင်လည်း ငလျင်ဘေးဒဏ်အကြီးအကျယ်ခံရသည့် ဒေသတစ်ခုဖြစ်သည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...