နန့်မွန်းနဲ့ မိုင်းနောင်မှာ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်သင်တန်းတက်နေရ

နန့်မွန်းနဲ့ မိုင်းနောင်မှာ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်သင်တန်းတက်နေရ
Photo - The Voice of Shanni
Photo - The Voice of Shanni

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲက နန့်မွန်းမြို့နဲ့ မိုင်းနောင်ကျေးရွာမှာ တစ်အိမ် တစ်ယောက် ပြည်သူ့စစ်သင်တန်းတက်နေရကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ တပ်မ ၃၃ လက်အောက်ခံနဲ့ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ SNA ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီးဒေသထဲက တစ်အိမ်တစ်ယောက်မဖြစ်မနေပြည်သူ့စစ်ထဲဝင်ရောက်ခိုင်းပြီး ဖမ်းဆီး စုဆောင်းထားတဲ့တပ်သားသစ်တွေကို နန့်မွန်းမြို့နဲ့ မိုင်းနောင်ကျေးရွာမှာ သင်တန်းပေးနေတယ်လို့ အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“နန့်မွန်းမြို့မှာလည်းပေးတယ်။ ပြီးတော့ ကျမိုင်းနောင်မှာလည်း အခုကလေးတွေကို သင်တန်းပေးနေတယ်။ နှစ်နေရာမှာ ပေးနေတယ်ဗျ။ ရှမ်းနီ အဓိကဦးဆောင်နေတာ” လို့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

SAN နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ ၂၀၂၅ မေလကတည်းက လုံးတုံ၊ နန့်မွန်းမြို့ အဝင်အထွက် နေရာတွေနဲ့ အင်းတော်ကြီး–ဂွေခါလမ်းမှာ ဂိတ်ထိုင်ပြီး လူငယ်တွေကို ပိတ်စို့ ဖမ်းဆီးတာ၊ တစ်အိမ် တစ်ယောက် ပြည်သူ့စစ်ထဲ မဝင်မနေရ စနစ်နဲ့ ပြည်သူ့စစ်ထဲ ဝင်ခိုင်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြည်သူ့စစ်သင်တန်း တက်ရောက်နေတဲ့ထဲမှာ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေ ပါဝင်ပြီး အမျိုးသမီးတွေလည်း ပါတယ်လို့ သိရပါတယ်။

“သူတို့ လူစုနေတာကြာပြီ နှစ်လ သုံးလလောက်ရှိပြီ အသက် ၁၂ အထက်ကနေ ၅၅ အောက်တွေ တွေ့ကရ လျှောက်ဖမ်းနေတာ အမျိုးသား အမျိုးသမီးအကုန်ပေါ့။ သင်တန်းသား ဘယ်လောက်ရှိမလဲတော့ မပြောတတ်ဘူး။ အပြင်လူလည်း မဝင်ရဘူး။ ပေးနေတာပဲသိရတယ်”လို့ နောက်ထပ်အမျိုးသာတစ်ဦးက ဆက်ပြောပါတယ်။

စစ်သင်တန်းကိုတော့ နန့်မွန်း၊ မိုင်းနောင်ထဲက SNA အထိုင်တပ်စခန်းမှာ ပေးနေတာလို့ သိရပြီး သင်တန်းသားဦးရေကိုတော့ အတိအကျ သိရှိနိုင်ဖို့ ခက်ခဲနေကြောင်း ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါ့အပြင် SNA နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ လက်ရှိ နန့်မွန်း၊ မိုင်းနောင် အဝင်အထွက်နေရာတွေနဲ့ ဂွေခါ–အင်းတော်ကြီးလမ်းပိုင်းမှာ စစ်ဆေးရေးဂိတ်ထိုင်ပြီး ဒေသခံတွေနဲ့ ခရီးသည်တွေရဲ့ လက်ကိုင်ဖုန်းတွေ စစ်ဆေးတာ၊ မေးမြန်းတာတွေ လုပ်နေကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။

အင်းတော်ကြီးဒေသထဲက ဝှေလုံ၊ ချောင်းဝ ၊ ညောင်ပင်ကျေးရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ရှမ်းနီပြည်သူ့စစ်တွေဟာ မိုးညှင်းမြို့ကနေ ဝင်ရောက်လာပြီး ဇွန်လ တတိယပတ်ကတည်းကနေ စတင်အခြေချလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်အပါအဝင် အင်းတော်ကြီးဒေသကိုထိန်းချုပ်ဖို့အတွက် မေလကတည်းကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် လက်ရှိအချိန်အထိ ဖားကန့်၊ အင်းတော်ကြီးနေရာတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ကျေးရွာအများစုလည်း စစ်ဘေးရှောင်နေကြရပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...