ရခိုင်ပြည်နယ်တွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုများ မြင့်တက်လာနေကြောင်း WFP ပြော

ရခိုင်ပြည်နယ်တွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုများ မြင့်တက်လာနေကြောင်း WFP ပြော

ပဋိပက္ခ၊ ပိတ်ဆို့တားဆီးမှုနှင့် ရန်ပုံငွေဖြတ်တောက်မှုများကြောင့် ရခိုင်ပြည်နယ်တွင် ဆာလောင် မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုများမြင့်တက်လာနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)က ယမန်နေ့ (ဩဂုတ်လ ၁၂)က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် အခြေခံစားနပ်ရိက္ခာကိုပင် ပြည့်မီအောင် မစားသုံးနိုင်သည့် မိသားစုအရေ အတွက်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၃၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ၅၇ ရာခိုင်နှုန်းအထိ ရောက်ရှိ နေပြီဖြစ်ကြောင်း WFP က ဖော်ပြသည်။

ထိုတွေ့ရှိချက်များအရ ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် စားနပ်ရိက္ခာဖူလုံမှု အခြေအနေ အလွန်စိုးရိမ်ဖွယ် ရာအတိုင်းအတာအထိ ရောက်ရှိနေပြီဖြစ်ပြီး အာဟာရချို့တဲ့မှုများလည်း ပိုမိုဆိုးရွားလာနေသည်ကို ညွှန် ပြနေကြောင်း ဆိုသည်။

ထို့ပြင် ခိုင်ပြည်နယ်မြောက်ပိုင်းတွင်လည်း လက်ရှိဖြစ်ပွားနေသည့်ပဋိပက္ခများနှင့် သွားလာခွင့်ကန့်သတ် မှုများကြောင့် ယခုထက်မက အခြေအနေများ ပိုမိုဆိုးရွားနေမည်ဖြစ်ကြောင်းလည်း WFP က ခန့်မှန်းသည်။

အဆိုပါဒေသများတွင် မိသားစုဘဝရှင်သန်ရပ်တည်ရေးအတွက် အကြွေးယူခြင်း၊ တောင်းရမ်းစားသောက်ခြင်း၊ အိမ်တွင်းအကြမ်းဖက်ခြင်း၊ ကျောင်းထွက်ခြင်း၊ လူမှုရေးတင်းမာခြင်းများနှင့် လူကုန်ကူးမှုတို့အထိ နည်းမျိုးစုံဖြင့် အပူတပြင်းကြိုးစားနေကြရကြောင်း သိရသည်။

“လူတွေက ပဋိပက္ခတွေအကြား ပိတ်ဆို့ခံရနေရတယ်။ ကိုယ့်ဝမ်းစာကိုယ်ရှာစားခွင့်ဆုံးရှုံးနေကြတယ်။ လူသားချင်းစာနာမှု အကူအညီအကာအကွယ်မဲ့နေကြတယ်။ ဒီလို အဆိုးကျော့သံသရာထဲမှာပဲ တဝဲလည် လည်ပိတ်မိနေကြရတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ထုတ်ပြန်ချက်တွင်ပြောသည်။

ရှည်ကြာစွာဖြစ်ပွားနေသည့် ပဋိပက္ခများ၊ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ၊ စားသောက်ကုန်ဈေး နှုန်းများမြင့်တက်လာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေများ လျော့နည်းသွားခြင်း ကြောင့် အထောက်အပံ့များ လျှော့ချခံရခြင်းတို့က ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းကို ပိုဆိုးအောင် တွန်းအားပေးလျက်ရှိကြောင်းလည်း အသိပေးထားသည်။

လက်ရှိတွင် ရန်ပုံငွေရင်းမြစ်များနည်းပါးလာသည့်တိုင် အခြေအနေအဆိုးရွားဆုံးဖြစ်နေသည့် ဒေသများ တွင် ကူညီထောက်ပံ့မှုများ အကန့်အသတ်ဖြင့်ပြန်လည်စတင်ပေးအပ်နိုင်ရန် လုပ်ဆောင်လျက်ရှိ ကြောင်းလည်း WFP က အသိပေးသည်။

ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ တိုး မြှင့်ပေးအပ်ကြရန်၊ မြေပြင်ရှိအာဏာပိုင်များအနေဖြင့်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမဲ့ဝင်ရောက်ကူညီခွင့်ပေးရန်လည်း ထုတ်ပြန်ချက်တွင် တောင်းဆိုထား သည်။

WFP အနေဖြင့် လာမည့်ခြောက်လအတွင်း ရခိုင်ပြည်နယ်ရှိ လူဦးရေပေါင်း ၂၇၀,၀၀၀ ကို ကူညီရန် အမေရိကန်ဒေါ်လာ သန်း ၃၀ လိုအပ်လျက်ရှိကြောင်း သိရသည်။

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...