စစ်ရိပ်စစ်ငွေ့ တစ်ဖန်ပြန်သန်းလာနေသည့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အာရက္ခတပ်တော် ( AA) တပ်ဖွဲ့ဝင်များမြို့ထဲကို ဝင်ရောက်လာမှာကို စိုးရိမ်ပြီး သံသယဖြင့် အပြစ်မဲ့ရခိုင်လူငယ်များကို နေ့စဉ် ဖမ်းဆီးနေရာ ဩဂုတ် ၂ ရက်မှ ၅ ရက်နေ့ထိ (၄) ရက်တာအတွင်း အနည်းဆုံး လူငယ် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံရသူများအထဲတွင် ဩဂုတ် ၅ ရက်နေ့က ၅ ဦး၊ ဩဂုတ် ၄ ရက်နေ့က ၁၃ ဦး၊ ဩဂုတ် ၃ ရက်နေ့က ၃ ဦး၊ ဩဂုတ် ၂ ရက်နေ့က ၂ ဦး၊ စုစုပေါင်း ၂၃ ဦး ဖမ်းဆီးခံရပြီး နောက်ထပ် ဖမ်းဆီး ခံရသူများလည်း ရှိနေနိုင်သည်ဟု အဆိုပါ အဖမ်းအဆီးဖြစ်စဉ်တွေကို စောင့်ကြည့်နေသူ တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
ဩဂုတ်လ ၅ ရက်နေ့ ည ၉ နာရီခန့်တွင်စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်ထဲသို့ စစ်သားများ ဝင်ရောက်ပြီး အသက် ၂၀ ကျော်အရွယ် လူငယ် ၅ ဦးအား လက်ထိပ်ခတ်၍ ဖမ်းဆီးသွားကြောင်းမျက်မြင် ရွာကြီးမြောက်ဒေသခံ တစ်ဦးက ပြောသည်။
“စစ်ကြောင်းတွေ ဝင်ဖမ်းလို့ ရပ်ကွက်ထဲတွေက လူငယ်လေးတွေ မနည်းပါသွားတယ်။ လူငယ်ပိုင်း ၃ ယောက် လက်ထိပ်ခတ်ပြီး ခေါ်သွားတယ်။ နောက်နှစ်ယောက်ကို ကားပေါ်ကို ဆွဲတင်သွားတယ်။ အိမ်ထဲက ဖမ်းလာတာလား ဘယ်လိုဖမ်းလာတာလဲတော့ သေချာမပြောနိုင်ဘူး။ တခြားရပ်ကွက်တွေကလည်း ကားပေါ်မှာ ပါလောက်တယ်” ဟု ပြောသည်။
ဩဂုတ် ၄ ရက် ညအချိန်က ဖမ်းဆီးခံရသူများအထဲတွင် ရွာကြီးမြောက်ရပ်ကွက် ဟင်္သာကန်နောက်ဘက်မှ ၇ ဦး၊ အကွက် (၁) မှ ၃ ယောက်နှင့် မဆွဲ(မီးခြစ်) စက်ရုံစုမှ ၃ ယောက်၊ စုစုပေါင်း ၁၃ ယောက်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
အခြေအနေများကို အနီးကပ်စောင့်ကြည့်နေသူ တစ်ဦးက “စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်အတွင်းသို့ သြဂုတ် ၄ ရက် ည ၉ နာရီကျော်ခန့်မှာ ဧည့်စာရင်းအကြောင်းပြပြီး စစ်တပ်က အိမ်တွေကို ၀င်ရောက် စီးနင်းတယ်။ လူငယ် ၁၃ ယောက်ကို ဖမ်းဆီးတယ်။ စစ်သားအင်အား ရာနဲ့ချီပြီး ပါတယ်။ ပီးရင် စစ်ကားတွေပေါ် လက်ထိပ်ခတ်ပြီး ဒစကရုံးသို့ ခေါ်ဆောင်သွားတယ်။ ဂျပန်ခေတ်ကို ရိုက်ပြတဲ့ ဇာတ်ကားတွေလိုဘဲ ဖမ်းသွားတဲ့ မြင်ကွင်းက” ဟု ပြောသည်။
စစ်သားများမှာ ရုတ်တရက် အင်အားအများအပြားဖြင့် ဝင်ရောက်လာပြီး လူငယ်များကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“တချိန်းတည်း၊ တစ်ပြိုင်နက်တည်း ၀င်ရောက်စီးနင်းပြီး ဖမ်းဆီးသွားတာ။ အင်အားတွေနဲ့ ပိတ်ဖမ်းတာ။ စစ်တပ်က ၉ နာရီကျော်ခန့်မှာ ကားတွေနဲ့ ၀င်လာတယ်။ ပထမတော့ ဧည့်စာရင်းစစ်သလိုမျိုး အယောင်ပြတာပေါ့။ ခဏနေတော့ ဟင်္သာကန်နောက်ဖက်က လူငယ်တွေကို လက်ထိပ်ခတ် ဖမ်းယူသွားခဲ့တယ်” ဟု ၎င်းက ပြောကြားသည်။
အလားတူ သြဂုတ် ၃ နေ့ညတွင်လည်း စစ်တပ်သည် ဧည့်စာရင်း အကြောင်းပြပြီး ရွာသာယာ ကျေးရွာထဲကို ဝင်ရောက်လာကာ ဒေါ်မဉီးခင်၊ ကို၀င်းမင်းဇော်နှင့် အောင်ဇော်ဌေးတို့ကို ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။
သြဂုတ် ၂ ရက်နေ့ညတွင်လည်း စစ်တပ်သည် ဆတ်ရိုးကျ ကယ်ဆယ်ရေးအကွက် (၂)မှ ကိုမောင်ညီချေ(ဘ) ဦးမောင်ဆန်းဝင်းနှင့် ကိုမောင်ချေတို့ကို ညအချိန်၀င်ရောက်စီးနင်းကာ ဖမ်းဆီးသွားခဲ့သည်။
၎င်းတို့အထဲမှ ဆွေမျိုးတော်စပ်သူတစ်ဦးက “ဖမ်းသွားတဲ့ နောက်နေ့မနက် အမှတ် (၁) ရဲစခန်းကို လိုက်သွားပါတယ်။ ရဲစခန်းမှာ မရှိဘူးလို့ ပြောပါတယ်။ နောက်ထပ် စရဖရုံးသွားပါတယ်။ မရှိဘူး။ စစ်ကြောရေး ပို့ထားတယ်လို့ပြောပါတယ်” ဟု ပြောသည်။
ဖမ်းဆီးခံထားရသည့်အမျိုးသမီး ၁ ဦးအပါ လူငယ်၂၀ ကျော်ကို သက်ဆိုင်ရာ မိသားစုများနှင့် တွေ့ခွင့်မပေးသည့်အပြင် သူတို့ကို စိုးရိမ်၍ ရှာဖွေသည့် မိသားစုများကို ခြိမ်းခြောက်မှုများ ရှိနေသည်ဟုလည်း ၎င်းက ပြောကြားသည်။
စစ်တွေမြို့တွင် နေထိုင်သည့် လူငယ်များအနေဖြင့် ပြင်ပသို့ သွားလာခွင့်လည်း ပိတ်ပင်ခံထားရသလို မြို့ထဲတွင် မိသားစုများနှင့် အေးဆေးစွာနေထိုင်ပါကလည်း အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး နှိပ်စက်မှုများကို ခံနေရ၍ သူတို့အခြေအနေမှာ လွန်စွာ စိုးရိမ်စရာဖြစ်နေသည်ဟု သိရသည်။







