စစ်သင်္ဘောတွေရောက်ပြီးနောက် ဗန်းမော်မြို့မှာတိုက်ပွဲပြင်းထန်လာ

စစ်သင်္ဘောတွေရောက်ပြီးနောက် ဗန်းမော်မြို့မှာတိုက်ပွဲပြင်းထန်လာ

ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေရောက်ရှိပြီးတဲ့နောက် ဗန်းမော်မြို့မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေပိုပြီး ပြင်းထန်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာခဲ့တဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကို ရောက်ရှိလာခဲ့ပြီး ဗန်းမော်မြို့အပါအဝင် ဆန်တက်လာတဲ့ မြစ်ကြောင်းတစ်လျှောက်က ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့တွေမှာပါ လက်နက်ရိက္ခာနဲ့ လူအင်အားတချို့ ဖြည့်တင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်သင်္ဘောတွေရောက်ပြီးနောက် ဗန်းမော်မြို့မှာ စစ်တပ်ဘက်က ဒရုန်းတွေ ပိုပြီးအသုံးပြုလာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။

“ဗန်းမော်ကို စစ်သင်္ဘောတွေ ရောက်သွားပြီးတော့ သူတို့ အင်အားတွေ ချတယ်။ လက်နက်ရိက္ခာတွေ

ဖြည့်တင်းတယ်။ လက်တလောမှာတော့ ထိုးစစ်တော့ မကြားရသေးဘူး။ ဒရုန်းတွေနဲ့ နေရာအစုံတွေမှာ တော်လှန်ရေးအဖွဲ့တွေရှိတယ်လို့ ယူဆရတဲ့နေရာတွေကို ဒရုန်းတွေနဲ့ ဗုံးသီးတွေနဲ့ ချတယ်။ အဲ့လိုတွေ ခပ်စိပ်စိပ်လုပ်လာတာ တွေ့ရပါတယ်” လို့ ဗန်းမော်ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောအစီး၂၀ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေကပဲ မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဦးတည်ကာ နှစ်သုတ်ခွဲပြီး ဆန်တက်ခဲ့ကြတာပါ။

ဗန်းမော်မြို့မှာ စစ်သင်္ဘောတွေ မရောက်ရှိခင်ကတည်းက နေ့တိုင်းလိုလို နှစ်ဖက်တပ်တွေအကြား ထိတွေ့မှုတွေ ဖြစ်နေပေမဲ့ စစ်သင်္ဘောတွေ ရောက်ပြီးတဲ့နောက်မှာတော့ တိုက်ပွဲက ပိုပြီးပြင်းထန်လာတဲ့ အခြေနေလို့ ဆိုပါတယ်။

“စစ်သင်္ဘောတွေ မရောက်ခင်ထဲကတော့ ဗန်းမော်မှာက ထိတွေ့တော့ နေ့တိုင်းလိုလို ရှိတယ်ဗျ။ စစ်သင်္ဘောတွေ ရောက်ပြီးတဲ့နောက်တော့ တိုက်ပွဲ ပြင်းထန်တဲ့ပုံစံမျိုး ပြောလို့ရတယ်။ ဗန်းမော်တဖက်ကမ်းက ရွာတွေအနေနဲ့ အထူးဂရုစိုက်ဖို့တော့ မှာချင်ပါတယ်ဗျ” လို့ နောက်ထပ် ဗန်းမော်မြို့သိမ်းတိုက်ပွဲက ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်လှုပ်ရှားနေသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင်တစ်ဖက်မှာတော့ စစ်သင်္ဘောတွေနဲ့အတူရောက်ရှိလာတဲ့ လူအင်အားတွေဟာ စစ်မှုထမ်းဥပဒေအကြား အတင်းအဓမ္မစုဆောင်းခံရတဲ့ လူငယ်တွေ အများစုဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ ကသာ၊ ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း အဲ့ဒီစစ်သင်္ဘောတွေ ဆန်တက်လာတိုင်း ပစ်ခတ်တိုက်ခိုက်ကြပြီး စစ်သင်္ဘောတွေ နစ်မြုပ်ပျက်ဆီးတာတွေ ရှိသလို ဒီနှစ်မှာတော့ သပိတ်ကျင်းမြို့နယ်မှာ တွဲတွန်းသင်္ဘောတစ်စီးနဲ့ ရွှေကူမြို့နယ်အရောက်မှာ နောက်ထပ် သင်္ဘောငယ်တစ်စီးကို ဖျက်စီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ အဲ့ဒီစစ်သင်္ဘောတွေ ဆန်တက်နိုင်ဖို့ စစ်ကောင်စီတပ်ဟာ မြစ်ကြောင်းတစ်လျှောက် လမ်းကြောင်းရှင်းဖို့အတွက် လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ခဲ့တာကြောင့် အရပ်သား ၃၀ ဦးအထိ သေဆုံးခဲ့ရပါတယ်။

သေဆုံးခဲ့ရတဲ့တဲ့ အရပ်သား ၃၀ ဦးထဲမှာ ဝက်လက်မြို့နယ်က အရပ်သား ၂၁ ဦး၊ ကသာမြို့နယ်က အရပ်သား ၂ ဦး၊ ရွှေကူမြို့နယ်က အရပ်သား ၇ ဦးနဲ့ ဗန်းမော်မြို့က အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး အသက် ၉ နှစ်အရွယ်ကနေ အသက် ၇၀ ကျော်အရွယ်တွေအထိ ပါဝင်တယ်လို့ သိရပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...